မီဇိုရမ်မှာ ချင်းအမျိုးသားတစ်ဦးချောင်းသွားရင်း နေနစ်ပျောက်ဆုံးနေ
Chinland Channel / ၃၀ ၊ မေလ၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်ခရိုင်ထဲမှာ ချင်းအမျိုးသားတစ်ဦး မနေ့ မေလ ၂၉ ရက်ညနေပိုင်းမှာ ချောင်းသွားရင်း ရေနစ်ပျောက်ဆုံးနေတယ်လို့ အိုင်ဇောလ်ရှိ ချင်းအသိုင်းအဝိုင်းထံကနေသိရပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာဒေသခံ ဦးထာကျုံးလျန် ( Pu Tha Cung Lian ) ဟာ မနေ့က ငါးပိုက်ချဖို့ Tlawng ချောင်းကိုသွားခဲ့တာဖြစ်ပြီး မတော်တဆချောင်းထဲကျသွားတာလို့သိရပါတယ်။
သတင်းကြားကြားချင်း Khatla ရပ်ကွက် YMA နဲ့ ကယ်ဆယ်ရေးအဖွဲ့များ၊ Carson Baptist Church အသင်း တော်လူငယ်များက သွားရောက်ရှာဖွေခဲ့ကြပေမယ့် မတွေ့ရဘဲ ညအိပ်ပြီးဒီကနေ့မှာလည်း ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
“သူက ငါးရှာပြီးအသက်မွေးဝမ်းကျောင်းပြုတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါတစ်လေသွားတာပါ။ မနေ့က ကံဆိုးပြီးရေထဲပြုတ်ကျတာပါ။ သူကျတဲ့နေရာကလည်း အဲလောက်အနက်ကြီးမဟုတ်ဘူးလို့ပြောကြတယ်။ ဒါပေမယ့်ရေစီးသန်တော့ ကျောက်တုံးတွေနဲ့ပိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အလောင်းတော့ ဆက်လက်ရှာဖွေ နေကြတယ်။” လို့ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
ဦးထာကျုံးလျန် ( Pu Tha Cung Lian ) ဟာ မြန်မာပြည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက အိုင်ဇောလ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိသားစုနဲ့အတူ အိုင်ဇောလ်မြို့ ၊ Khatla Bazaar အနီးမှာ အိမ်ငှါး နေထိုင်ကြတယ်လို့ လည်းသိရပါတယ်။
သတင်း – Jessie

