အရှိုချင်းကာကွယ်ရေးတပ် ACDF ကို ANO/ANA အဖြစ် အမည်ပြောင်း၊ အမှတ်တံဆိပ်ဟောင်းအားလုံး ပယ်ဖျက်
Chinland Channel / ၁၂ ၊ အောက်တိုဘာ၊ ၂၀၂၆
အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကို အရှိုအမျိုးသားအဖွဲ့ချုပ်/အရှိုအမျိုးသားတပ်တော် (ANO/ANA) အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်ပြီး အဖွဲ့အစည်းရဲ့ အမည်ဟောင်း၊ အလံ၊ အမှတ်တံဆိပ်နဲ့ ရုံးတံဆိပ်တုံးတွေကိုလည်း ပယ်ဖျက်လိုက်ကြောင်း အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်မှာ နွေဦးတော်လှန်ရေးကို အခြေခံပြီး ဖွဲ့စည်းခဲ့တဲ့ ACDF ဟာ စက်တင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ကျင်းပခဲ့တဲ့ တပ်ညီလာခံရဲ့ သဘောတူဆုံးဖြတ်ချက်အရ အခုလို အမည်ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေထဲမှာ အရှိုလူမျိုး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ အရှိုမြေ တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ်နဲ့ တန်းတူညီမျှမှုကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်တော်လှန်ရေးနဲ့ အရှိုအမျိုးသားနိုင်ငံရေးကို ဦးဆောင်ရေးတို့ ပါဝင်ပါတယ်။
အမည်ပြောင်းလဲတာဟာ မူလရည်ရွယ်ချက်တွေကို စွန့်လွှတ်လိုက်တာ မဟုတ်ဘဲ လုပ်ငန်းတာဝန်နဲ့ ဆောင်ရွက်မှုနယ်ပယ်တွေကို ပိုမိုကျယ်ပြန့်စေပြီး အရှိုလူမျိုးနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ANO/ANA က ဆိုပါတယ်။
ဒါ့အပြင် ACDF အဖြစ် ရပ်တည်ခဲ့စဉ်က တည်ဆောက်ထားတဲ့ သက်ဆိုင်ရာဌာနတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်ဆံရေးတွေနဲ့ လုပ်ငန်းဆိုင်ရာ သဘောတူညီချက်တွေကိုလည်း မူလရပ်တည်ချက်တွေအတိုင်း ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု အမည်ပြောင်းလဲမှုနဲ့အတူ ယခင် ACDF ရဲ့ အမည်၊ အမှတ်တံဆိပ် (Logo)၊ အလံ၊ ရုံးတံဆိပ်တုံးနဲ့ အခြားတရားဝင်ကိုယ်စားပြု အမှတ်အသားတွေကို ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၂ ရက်ကစပြီး အဖွဲ့အစည်းရဲ့ ရုံးလုပ်ငန်းတွေနဲ့ တရားဝင်ဆက်သွယ်ဆောင်ရွက်မှုအားလုံးမှာ ANO/ANA အမည်သစ်၊ အမှတ်တံဆိပ်သစ်၊ အလံသစ်နဲ့ ရုံးတံဆိပ်တုံးအသစ်တွေကိုသာ အသုံးပြုသွားမှာဖြစ်ပါတယ်။ အမည်နဲ့ အမှတ်တံဆိပ်ဟောင်းတွေကို အသုံးပြုပြီး ကိုယ်စားပြုဆောင်ရွက်တာတွေဟာ အဖွဲ့အစည်းနဲ့ သက်ဆိုင်မှုမရှိတော့ဘူးလို့လည်း အသိပေးထားပါတယ်။
အမည်ပြောင်းလဲမှုနဲ့ အမှတ်တံဆိပ်ဟောင်းတွေ ပယ်ဖျက်မှုဟာ အောက်တိုဘာ ၁၂ ရက်ကစပြီး အကျိုးသက်ရောက်မှာဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအနေနဲ့ အမည်သစ်အတိုင်း ဆက်သွယ်ဆောင်ရွက်ကြဖို့နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ ဆက်လက်ပူးပေါင်းပေးကြဖို့ ANO/ANA က တိုက်တွန်းထားပါတယ်။
သတင်း – Jessie


