ကန်ပက်လက်မြို့ပေါ်မှာ ပြည်သူများစွန့်ခွါသွားတဲ့နေအိမ်များဖောက်ထွင်းခိုးယူခံနေရတာကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်
Chinland Channel / ၃၀ ၊ မေလ၊ ၂၀၂၆
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်မှာ ပြည်သူများစွန့်ခွါသွားတဲ့နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရတာကြောင့် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၃၀ ရက်နေ့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ထိုးစစ်ဆင်ခြင်းအား ခုခံတော်လှန်တိုက်ခိုက်နေတဲ့ကာလအတွင်း ကန်ပက်လက်မြို့ပေါ်နေ ပြည်သူတစ်ချို့ဟာ နေအိမ်များကိုစွန့်ခွါပြီးလုံခြုံမယ့်နေရာများကိုပြောင်းရွေ့သွားကြတယ်လို့သိရပါတယ်။
အဲဒါကြောင့် လူမရှိတဲ့နေအိမ်များကို မသမာသူတစ်ချို့က လူနေအိမ်များဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူမှုများရှိနေတာကြောင့် ပြည်သူများအနေဖြင့် ညစဉ်မိမိနေအိမ်နဲ့ ပုန်းခိုကျင်းများမှာသာနေထိုင်ကြရန် ၊ ခွင့်ပြု ချက်မရှိဘဲ အများပြည်သူနဲ့ဆိုင်သောနေရာများသို့သွားလာခြင်း၊ လူစုလူဝေးခြင်းမပြုရန်နဲ့ ည ၉ နာရီမှာ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားပါတယ်။
ဒီအမိန့်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။
အလားတူ မင်းတပ်မြို့ပေါ်မှာလည်း အခုလိုအလားတူဖြစ်စဉ်ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ ညမထွက်ရအမိန့်ကို မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie

