ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူများ သေဆုံးမှုအပေါ် CNF က ရှုတ်ချ
Chinland Channel/ ၂၂၊ အောက်တိုဘာ၊ ၂၀၂၆
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့အရပ်သား ၉ ဦးသေဆုံးမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ပီချောင်းကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် Y 12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်းကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထိုလုပ်ရပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော အကြမ်းဖက်လုပ်ရပ်ကို စစ်ကောင်စီက ထပ်ခါတလဲလဲ ကျူးလွန်ခြစ်ဖြစ်ပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူများကိုပါ မခွဲခြားဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းကို သတိပြုကြရန် တိုက်တွန်းထားသည်။
ချင်းအမျိုးသားတပ်ဦးသည် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် မိမိတို့ ဆင်နွှဲနေသည့် ပြည်သူ့တော်လှန်ရေးအောင်မြင်ရေးအတွက် ဘုံရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစု များနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း-ဆလိုင်းဇလပ်ထန်

