June 1, 2026

မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်တွင် နယူးဒေလီရှိ မြန်မာနိုင်ငံဒုက္ခသည်များ တရားဝင်ခွင့်ပြုချက်နှင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်နေ

0

Chinland Channel/ ၂၈၊ မေ၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် နယူးဒေလီရောက် မြန်မာနိုင်ငံဒုက္ခသည်များအနေဖြင့် တရားဝင်ခွင့်ပြုချက်နှင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်နေပြီး နွေဦးတော်လှန်ရေးတွင် အစဉ်တစိုက် အားဖြည့်ပါဝင်နေကြသူများအနေဖြင့် စုပေါင်းဆွေးနွေးအကြံပြုကြရန် နယူးဒေလီရှိ မြန်မာဒုက္ခသည် အဖွဲ့အစည်းများထံမှ သိရသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများအနေဖြင့် အိုးအိမ်စွန့်ခွာ၍ ဒုက္ခသည်ဘဝရောက်အောင် ဖန်တီးခဲ့ပြီး ယခုအိန္ဒိယခရီးစဉ် အောင်မြင်သွားပါက စစ်ကောင်စီသည် အိန္ဒိယအစိုးရနှင့် အပေးအယူလုပ်ကာ မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့ခြင်း၊ နယ်စပ်လုံခြုံရေး အကြောင်းပြ၍ တတိယနိုင်ငံ ထွက်ခွာခွင့်များကို ပိတ်ဆို့ခြင်းနှင့် အိန္ဒိယရောက် မြန်မာဒုက္ခသည်များအတွက် ကြီးမားသည့် ဘေးအန္တရာယ်များနှင့် အခက်အခဲပေါင်းများစွာ ပေါ်ပေါက်လာနိုင်ကြောင်းသိရသည်။

“အခုချိန်မှာတော့ မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ သမ္မတရာထူးကို အတင်းအဓ္ဓမလုယူထားနိုင်ပြီ ဆိုတော့ အိန္ဒိယအနေနဲ့ အထိုက်အလျှောက်တော့ ဆက်သွယ်ရေးလမ်းခင်းလာမှာပဲ။ အိန္ဒိယဆိုတဲ့ ဒီမိုကရေစီအဘိုးအိုကြီးက ခြံစည်းရိုးနှစ်ဖက်ခွ ထိုင်တတ်တဲ့သူဖြစ်နေတော့ သူတို့အတွက် အကျိုးရှိသမျှကို သူလိုက်လျောနေမှာပဲ။ ဒီတော့ အိန္ဒိယရောက် မြန်မာနိုင်ငံသား ဒုက္ခသည်အရေးမှာ လုံခြုံရေးခြိမ်းခြောက်လာနိုင်တယ်။ နယ်စပ်လုံခြုံရေးက အိန္ဒိယနဲ့ ပူးပေါင်းပြီး တစ်နည်းတဖုံနဲ့ ဒုက္ခပေးလာနိုင်တယ်။ နယ်စပ်ဖြတ်ကျော်တာတွေ ပိတ်ပင်လာနိုင်တယ်”ဟု နယူးဒေလီရှိ မြန်မာဒုက္ခသည်များကို ကူညီပံ့ပိုးနေသူတစ်ဦးက Chinland Channel ကို ပြောကြားသည်။

အာဏာသိမ်းမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ဆန့်ကျင်ဆန္ဒပြကွက်ကွက်ပွဲကို မေလ ၂၈ ရက်နေ့တွင် နယူးဒေလီရှိ Jantar Mantarနှင့် မေလ ၃၀ ရက်နေ့တွင် နယူးဒေလီ၊ မြန်မာသံရုံးရှေ့တို့တွင် နေ့လည် ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။

သမ္မတရာထူးကို အတင်းလုယူနေသော အာဏာသိမ်းမင်းအောင်လှိုင်သည် ၎င်းသမ္မတရာထူးရယူပြီးနောက် ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သွားရောက်ရန် စီစဉ်နေသော်လည်း မအောင်မြင်ဘဲ ဖျက်သိမ်းခဲ့ပြီး အိန္ဒိယနိုင်ငံဘက်သို့ လာရောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-နယူဒေလီရှိ မြန်မာဒုက္ခသည်များ(ပုံဟောင်း)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed