မတူပီမြို့ပေါ်နှင့် မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီက ဗုံး ၃၀ ကျော် ကြဲချပြီး ဂေါက်ကွင်းရှိ လက်ဝါးကပ်တိုင်ပျက်စီးသွား
Chinland Channel/ ၂၇၊ မေ၊ ၂၀၂၆
ချင်းပြည်၊ မတူပီမြို့ပေါ်နှင့် မြို့အနီးဝန်းကျင်တို့တွင် ယမန်နေ့၊ မေလ ၂၆ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနှင့် Y 12 တို့ဖြင့် ဗုံး ၃၀ ကျော် ကြဲချခဲ့ပြီး မတူပီမြို့၊ ဂေါက်သီးကွင်းရှိ လက်ဝါးကပ်တိုင်လည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မတူပီမြို့ကို စစ်ကောင်စီက ဂျက်ဖိုတာဖြင့် ၁၀ ကြိမ်ကျော်နှင့် Y 12 ဖြင့် အကြိမ် ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ လူနေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရှိရသေးကြောင်းသိရသည်။
“CDF တွေ တပ်စွဲမယ်လို့ ထင်တဲ့နေရာတွေကို လျှောက်ကြဲနေတာထင်တယ်။ မတူပီဂေါက်ကွင်းနဲ့ ဗျူဟာကုန်းနားတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ။ ပြီးတော့ ဂေါက်သီးကွင်းက လက်ဝါးကပ်တိုင်လည်း မရှိတော့ဘူး။ အနီးကပ်သွားမကြည့်ပေမယ့် မြို့ထဲကနေ ကြည့်တာ မရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။
မတူပီမြို့ကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီ၊ ဂေါက်သီးကွင်းအနီးရှိ မိုးလုံလေလုံအားကစားကွင်းနှင့် မတူပီမြို့၊ အထက ၂ ကျောင်းလည်း ပျက်စီးသွားပြီး ရက်သားအရွယ်ရှိ ကလေးငယ်တစ်ဦးလည်း သေဆုံးသွားကြောင်းသိရသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ- ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အထက ၂ ကျောင်း။

