June 3, 2026

ကလေးနယ်တောင်ပိုင်း၊ မှန်တောရွာနှင့် ရှားဖိုရွာအကြား ထိတွေ့မှုအတွင်း စစ်ကော်မရှင် အဖွဲ့ဝင််တစ်ဦး သေဆုံး၊ သေနတ်နှင့် ခဲယမ်း ရရှိ

0

Chinland Channel / ၁ ဇွန် ၂၀၂၆

ကလေးနယ်တောင်ပိုင်း၊ မှန်တောကျေးရွာနှင့် ရှားဖိုအကြားတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့မှုတရပ် ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မှန်တောကျေးရွာဘက်အခြမ်းမှနေပြီး ရှားဖိုရွာတောတိုက်ဘက်သို့ ချီတက်လာသော အကြမ်းဖက်စစ်ကော်မရှင်တပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်းတို့မှ ယနေ့နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်ခန့်တွင် ကင်းပုန်းကြိုတင်ယူ ပစ်ခတ်မှုပြုခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါထိတွေ့မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး၊ ရန်သူ့ သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဘောက် သုံးခုနှင့်တကွ ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“ စစ်ကြောင်းထိုးတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သူတို့အခြေချထားတဲ့ မှန်တောဘက် အခြမ်းကနေ ရှားဖိုဘက်ကို လာပြီး စနည်းနာ၊ ကင်းထောက်တဲ့ပုံစံမျိုးနဲ့ ချီတက်လာတာပါ။ ဒါကို ကျနော်တို့ဘက်က လှုပ်ရှားမှုသတင်းရထားလို့ ကြိုတင်ကင်းပုန်းယူပြီး ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “ ဟု ရှေ့တန်းသတင်းရင်းမြစ်က Chinland Channel ပြောကြားသည်။

ကလေးနယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်စခန်းများကို CDF-KKG မှ ပူးပေါင်းမဟာမိတ်တပ်များဖြင့် Major Operation တရပ်ကို ၂၀၂၅ ခုနှစ်တွင် ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ရာ စခန်း (၅) ခုအထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ၄င်းနောက် စစ်ကော်မရှင်ဘက်မှ သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ရာ မှန်တောကျေးရွာဝန်းကျင်အထိ ပြန်လည်လက်လွှတ်ခဲ့ရပြီး၊ လက်ရှိတွင် ၄င်းဒေသ၌ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရှိရသည်။

သတင်း – Liam

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed