July 17, 2026

စစ်ကောင်စီက ထန်တလန်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုတဲ့ ထုတ်ပြန်ချက် မမှန်ဟု CDF-Thantlang ပြော၊ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

0

Chinland Channel / ၁၇ ၊ ဇွန်လ၊ ၂၀၂၆

ချင်းပြည် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဓာတ်ပုံတွေနဲ့အတူ မနေ့ ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့်၊ လက်ရှိအချိန်အထိ မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး မြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်တာ မဟုတ်သေးဘူးလို့ CDF-Thantlang ပြောခွင့်ရပုဂ္ဂိုလ် Salai Khamh Pek က Chinland Channel ကိုပြောပါတယ်။

“သူတို့ ထုတ်ပြန်ထားသလို တစ်မြို့လုံးကို အပြည့်အဝထိန်းချုပ်နိုင်တာတော့ မဟုတ်ဘူး။” လို့ Salai Khamh Pek က ပြောပါတယ်။

သူ့ရဲ့ပြောကြားချက်အရ စစ်ကောင်စီတပ်ဟာ ဟားခါးဘက်ကနေထန်တလန်မြို့ကို အင်အားဖြည့်လာပြီးနောက် ဇွန်လ ၁၀ ရက်ကစပြီး ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အား၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသာစီးရနေတာကြောင့် CDF ဘက်က ခြေကုပ်ယူထားတဲ့ နေရာတချို့ကို ဆုတ်ခွာပေးခဲ့ရတာတွေ ရှိပေမယ့် မြို့တစ်ခုလုံးကိုတော့ လက်လွှတ်ထားရတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ထန်တလန်မြို့ကို အမှတ် (၁)၊ (၂) နဲ့ (၃) ရပ်ကွက်အဖြစ် ခွဲခြားထားပြီး စစ်ကောင်စီတပ်ဟာ ဆေးရုံအထိ ရောက်ရှိလာနိုင်ခဲ့ပေမယ့် အမှတ် (၁) ရပ်ကွက်အတွင်း CDF နဲ့ CNA ဘက်က ခြေကုပ်ယူထားတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် CNA နဲ့ CDF-Thantlang တပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေ မြို့ပြင်ကို မထွက်နိုင်အောင် ထန်တလန်မြို့ပတ်ဝန်းကျင်မှာ နေရာယူပြီး ဆက်လက်တိုက်ခိုက်နေတယ်လို့ Salai Khamh Pek က ပြောပါတယ်။

စစ်ကောင်စီရဲ့ “မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီ” ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူတွေ စိတ်ဓာတ်ကျစေဖို့နဲ့ မြို့တွင်းကို ပြန်ဝင်လာအောင် ရည်ရွယ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က ထန်တလန်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ခန့်မှန်းနိုင်ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့အတွက် အခြေအနေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်တယ်လို့လည်း ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း CDF ဘက်မှာလည်း ကျဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ အတည်ပြုပေမယ့် အရေအတွက်ကို ထုတ်ဖော်မပြောခဲ့ပါဘူး။ စစ်ကောင်စီဘက်မှာတော့ အနည်းဆုံး တပ်ဖွဲ့ဝင် ၃၀ လောက် သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရထားတယ်လို့ Salai Khamh Pek က ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ဒရုန်း၊ ၁၀၇ မမ လက်နက်ကြီးနဲ့ RPG တွေအပြင် ဓာတုပစ္စည်းပါဝင်တဲ့ အရာတွေကိုလည်း အသုံးပြုခဲ့ကြပြီးအဲဒီဓာတုပစ္စည်းငွေ့တွေကို ရှူမိတဲ့ ရဲဘော်တချို့မှာ အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်ပွားပြီး ဆက်လက်တိုက်ခိုက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေအထိ ကြုံခဲ့ရတယ်လို့ Salai Khamh Pek က ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက်နဲ့ ၃ ရက်က အထက (၁) ကျောင်းအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အသုံးပြုခဲ့တဲ့ ဓာတုပစ္စည်းကို သူတို့တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ပြန်ရှူမိတာကြောင့် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိ ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ကနေ ၄၀၀ ကြား ရှိနိုင်တယ်လို့ CDF-Thantlang ဘက်က ခန့်မှန်းထားပါတယ်။

စစ်ကောင်စီက ထန်တလန်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အခြေအနေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များဟာ လုံးဝစိတ်ဓါတ်မကျဘဲ ကိုယ့်အားနည်းချက်တွေကိုပြန်ရှာပြီး အကောင်းဆုံပြန်လည်တိုက်ခိုက်မှာဖြစ်လို့ ပြည်သူ တွေဘက်ကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – Jessie
ဓါတ်ပုံ – ထန်တလန်ကို သိမ်းနိုင်ပြီဟု စစ်ကောင်စီမှ ဝါဒဖြန့်ထားသောပုံအချို့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed