အိုင်ဇောလ်နဲ့ခေါဇောလ်တို့မှာ မြန်မာနိုင်ငံသားများထံကနေ ဘိန်းဖြူများဖမ်းဆီးရမိ
Chinland Channel / ၂၁ ၊ မေလ ၊ ၂၀၂၆
မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင် နဲ့ ခေါဇောလ်ခရိုင်တို့မှာ မြန်မာနိုင်ငံသားများသယ်ဆောင်လာတဲ့ ဘိန်းဖြူများကို ဒေသတွင်းတာဝန်ရှိသူများကဖမ်းဆီးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ CYMA လက်အောက်ရှိ ဗဟိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ( CADS) နဲ့ မူးယစ်ဆေး တိုက်ဖျက်ရေးဌာနတို့က အိုင်ဇောလ်မြို့၊ Tuikual ရပ်ကွက် သုသာန်နားမှာ ဘိန်းဖြူထုပ် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါ ဘိန်းဖြူများကို မြန်မာနိုင်ငံသားဖြစ်တဲ့ Zamaniang (အသက် ၃၉ နှစ်) ကပိုင်ဆိုင်ထားခြင်းဖြစ်ပြီး သူ့ကို ဖမ်းဆီးကာ မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။
အလားတူ မနေ့ မေလ ၂၀ ရက်နေ့မှာ အိုင်ဇောလ်ကို ဦးတည်ပြီးမောင်းနှင်လာတဲ့ကားတစ်စီးအား တားဆီ စစ်ဆေးခဲ့ရာ ကားပေါ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား Johny Hramnuntluanga (အသက် ၃၁ နှစ်) ထံကနေ ဘိန်းဖြူ ၃ ထုပ် ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
Johny Hramnuntluanga ထံကနေ ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးများဟာ ကာလပေါက်စျေးဖြင့် ရူပီး ၆၈၀၀၀၀ တန်ဖိုးရှိတယ်လို့ဒေသတွင်းသတင်းကဖော်ပြထားပါတယ်။
သူ့ကို နိုင်ငံခြားသားများအက်ဥပဒေနဲ့ မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအက်ဥပဒေ (ND&PS ) ဖြင့်အမှုဖွင့်ထားတယ်လို့သိရပါတယ်။
သတင်း -Jessie


