ချင်းပြည် (Chinland) လွှတ်တော် အနေဖြင့် ၂၀၂၄-၂၀၂၆ အတွင်း ဥပဒေ (၉) ခု နှင့် ဖြည့်စွက်ပြင်ဆင်သည့် ဥပဒေ (၅) ခုကို ပြဌာန်းနိုင်ခဲ့
Chinland Channel / ၃၁ သြဂုတ် ၂၀၂၆
ချင်းပြည် (Chinland) ကောင်စီ ၊ ချင်းပြည် (Chinland) လွှတ်တော်သည် ၂၀၂၄ ခုနှစ်မှ စတင်ပြီး ၂၀၂၆ ပထမနှစ်ဝက်ကာလအထိ ဥပဒေ (၉) ခုကို ရေးဆွဲပြဌာန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
ရေးဆွဲပြဌာန်းနိုင်ခဲ့သော ဥပဒေများမှာ – ချင်းပြည် (Chinland) လွှတ်တော်ဥပဒေ ၊ ချင်းပြည် (Chinland) တရားစီရင်ရေးဥပဒေ ၊ ချင်းပြည် (Chinland) အခွန်အကောက်ဥပဒေ ၊ ချင်းပြည် (Chinland) အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေ ၊ ချင်းပြည် (Chinland) ဘဏ္ဍာငွေ စီမံခန့်ခွဲရေးဥပဒေ ၊ ချင်းပြည် (Chinland) ဒေသန္တရအုပ်ချုပ်ရေးဥပဒေ ၊ ချင်းပြည် (Chinland) ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ၊ ချင်းပြည် (Chinland) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ၊ ချင်းပြည် (Chinland) သွင်းကုန် ထုတ်ကုန် ဥပဒေ တို့ဖြစ်ကြောင်း ချင်းပြည် (Chinland) တည်ဆောက်ခြင်း ၊ ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး (၂) နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ ( ၂၀၂၆ သြဂုတ် ) အရ သိရှိရသည်။
ထို့ပြင် ပြင်ဆင်ဖြည့်စွက်ခဲ့သော ဥပဒေများမှာ – ချင်းပြည် (Chinland) အခွန်အကောက်ဥပဒေ ပြင်ဆင်ချက် ၂၀၂၅ ၊ ချင်းပြည် (Chinland) တရားစီရင်ရေးဥပဒေ ပြင်ဆင်ချက် ၊ ချင်းပြည် (Chinland) အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်ချက် ၊ ချင်းပြည် (Chinland) အခွန်အကောက်ဥပဒေ ပြင်ဆင်ချက် ၂၀၂၆ တို့ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရှိရသည်။
“ ဒီ Chinland Parliament မှာက လွှတ်တော်အမတ်က (၁၃) ယောက် ရှိပါတယ်။ ကျမတို့ ဒီလိုအခက်အခဲ အများကြီးထဲမှာမှ ဒီလိုဥပဒေတွေ ထုတ်ိနိုင်ခဲ့တာက ကျမတို့ရဲ့ အဓိကအောင်မြင်မှုအနေနဲ့ ဖော်ပြတာ ဖြစ်ပါတယ်။ “ – ဟု သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး Dr. Sharon Par က ပြောကြားထားသည်။
ချင်းပြည် (Chinland) လွှတ်တော်၏ ဦးစားပေးရှေ့လုပ်ငန်းစဉ် အဖြစ် ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း သိိရှိရသည်။ ၄င်းမှတဆင့် ချင်းအမျိုးသားတပ်မတော်၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာပြီး တိုးတက်ပြောင်းလဲမှုများ ရှိလာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်း – Liam


