September 16, 2026

ချင်းပြည် အခွန်အကောက်ဥပဒေ (၂၀၂၆) အရ အခွန်များကို စနစ်တကျ ကောက်ခံလျက်ရှိ

0

Chinland Channel / ၁၄ ၊ စက်တင်ဘာ၊ ၂၀၂၆

ချင်းပြည် (Chinland) အစိုးရက ၂၀၂၆ ခုနှစ် အခွန်အကောက်ဥပဒေအရ ချင်းပြည် ( Chinland )အဆင့်နဲ့ ဒေသန္တရအဆင့် အစိုးရတွေအကြား အခွန်ကောက်ခံမှု၊ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ မူဘောင်တစ်ရပ် ချမှတ်ထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကဆိုပါတယ်။

အခုအချိန်မှာ အခွန်စနစ်ကို လက်တွေ့အကောင်အထည်ဖော်မှုဟာ ကနဦးအဆင့်မှာပဲ ရှိသေးပေမယ့် ရေရှည်မှာ ပွင့်လင်းမြင်သာပြီး ဥပဒေနဲ့အညီ လည်ပတ်နိုင်တဲ့ ပြည်သူ့ဘဏ္ဍာရေးစနစ် တည်ဆောက်ဖို့ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ချမှတ်ထားတာဖြစ်ပါတယ်။

ဥပဒေအရ ချင်းပြည်အဆင့်အစိုးရက ပို့ကုန်၊ သွင်းကုန်ခွန်နဲ့ ဝင်ငွေခွန်တွေကို အဓိက ကောက်ခံခွင့်ရှိပြီး ဒေသန္တရအစိုးရတွေကတော့ ပိုင်ဆိုင်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ လောင်းစာခွန်၊ ကုန်ထုတ်လုပ်မှုအခွန်၊ ယာဉ်ခွန်နဲ့ ဒေသအတွင်း ကောက်ခံနိုင်တဲ့ အခြားအခွန်အမျိုးအစားတွေကို ကောက်ခံခွင့် ရှိပါတယ်။

ဒေသန္တရအစိုးရတွေက ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ဒေသန္တရအစိုးရနဲ့ ချင်းပြည်အစိုးရတို့အကြား ခွဲဝေသုံးစွဲသွားမှာဖြစ်သလို ချင်းပြည်အစိုးရက ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေအများစုကိုလည်း ဒေသန္တရအစိုးရတွေထံ ပြန်လည်မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

ဒီလို ဘဏ္ဍာငွေခွဲဝေတဲ့စနစ်ဟာ ဒေသန္တရအုပ်ချုပ်ရေးတွေ ပိုမိုအားကောင်းလာစေဖို့အပြင် ချင်းပြည်အဆင့်မှာ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အခွန်စနစ်ဟာ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အခွန်ကင်းလွတ်ခွင့်တွေ ထည့်သွင်းထားပါတယ်။ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ မိသားစုတွေ၊ မသန်စွမ်းသူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအပြင် ကာကွယ်ရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းအချို့ကိုလည်း သတ်မှတ်ချက်တွေအရ အခွန်ကင်းလွတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်အစိုးရအတွက် အဓိကစိန်ခေါ်မှုတစ်ခုကတော့ ပြည်သူတွေကြား အခွန်ပေးဆောင်တဲ့ ယဉ်ကျေးမှု အားကောင်းမလာသေးတာ ဖြစ်ပါတယ်။ ချင်းပြည်ဟာ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တွေထဲမှာ ပါဝင်ခဲ့ပြီး ပြင်ပအထောက်အပံ့တွေအပေါ် အတော်အတန် မှီခိုခဲ့ရတာကြောင့် အခွန်ဘဏ္ဍာရေးစနစ်ကလည်း အားနည်းခဲ့ပါတယ်။

ဒါကြောင့် အခွန်ပေးဆောင်နိုင်တဲ့ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အခွန်တွေကို ပေးဆောင်ကြဖို့ ချင်းပြည်အစိုးရက တိုက်တွန်းနေပါတယ်။ အစိုးရအနေနဲ့လည်း အခွန်ကောက်ခံမှုတစ်ခုတည်းကိုသာ အာရုံစိုက်တာမဟုတ်ဘဲ အခွန်ပေးဆောင်နိုင်စွမ်းမရှိတဲ့ ထိခိုက်လွယ်ပြည်သူတွေကို ကင်းလွတ်ခွင့်နဲ့ အကာအကွယ်ပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ချင်းပြည်အစိုးရကတော့ ဒီလိုစနစ်တကျ အခွန်ကောက်ခံပြီး ဘဏ္ဍာငွေတွေကို ပြည်နယ်နဲ့ ဒေသန္တရအဆင့်တွေမှာ မျှတစွာ ခွဲဝေသုံးစွဲနိုင်မှသာ ရေရှည်မှာ ပြည်သူ့ဝန်ဆောင်မှုတွေ ပိုမိုထိရောက်လာပြီး ချင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအခြေခံ ခိုင်မာလာမယ်လို့ ရည်ရွယ်ထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *