ချင်းပြည် (Chinland) အစိုးရ ပထမသက်တမ်းအတွင်း လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနသည် ကဏ္ဍ ၆ ခုတွင် ဆောင်ရွက်နိုင်ခဲ့သည်များရှိ
Chinland Channel ၊ ၁၃ စက်တင်ဘာ ၂၀၂၆
ချင်းပြည် (Chinland) အစိုးရ ပထမသက်တမ်း (၂၀၂၄-၂၀၂၅) အတွင်း လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနသည် ကဏ္ဍ ၆ ခုတွင် ပံ့ပိုးကူညီဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ချင်းပြည် (Chinland) ကောင်စီမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။
လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနသည် – (၁) လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးများကို အရေးပေါ် ကူညီထောက်ပံ့ရေး ၊ (၂) IDPs ကူညီထောက်ပံ့ရေး ၊ (၃) မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးများကို အရေးပေါ် ကူညီထောက်ပံ့ရေး ၊ (၄) ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးဆုံးရှုံးများကို အရေးပေါ် ကူညီထောက်ပံ့ရေး ၊ (၅) မြေငလျင်ဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးများကို အရေးပေါ် ကူညီထောက်ပံ့ရေး ၊ (၆) မီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးများကို အရေးပေါ် ကူညီထောက်ပံ့ရေး – ဟူသည့် ကဏ္ဍ ၆ ရပ်တွင် ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြုစုတင်ပြသော အချက်အလက်အရ ၂၀၂၁ အာဏာစတင်သိမ်းသည့် အချိန်မှစ၍ ချင်းပြည် (Chinland) တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စုစုပေါင်း (၁၈၀,၀၀၀) ဝန်းကျင် ရှိကြောင်း သိရှိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာရသူ (IDPs) ၄၀,၀၀၀ ကျော်အတွက် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးသည့် ဆန်အိတ် ၃,၀၀၀ ကိုလည်း IDPs မိသားစုများထံ ဖြန့်ဝေနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
လက်ရှိ ချင်းပြည် (Chinland) အစိုးရ ဒုတိယသက်တမ်းတွင်မူ ယခင် (၂၀၂၄-၂၀၂၅) သက်တမ်းမှ ဝန်ကြီးဌာန ၄ ခုဖြစ်သည့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနတို့ကို ပေါင်းစည်းပြီး လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဟု ပြောင်းလဲထားကြောင်း သိရှိရသည်။
သတင်း – Liam

