ကန်ပက်လက်တွင် စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
Chinland Channel/ ၂၅၊ ဇွန်၊ ၂၀၂၆
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသတွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် တစ်နှစ်ခွဲကလေးငယ်(ကျား)နှင့် ၂၆ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးသွားကြောင်း ကန်ပက်လက်မြို့နယ်၊ လူသားစာနာ ဘေးစီမံဌာနက ယနေ့၊ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသတွင် စစ်ရှောင်ပြည်သူများ သွားလာနေစဥ် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
ထို့အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၃ နှစ်အရွယ် ဒေသခံအမျိုးသား ၂ ဦးနှင့် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောတောင်များထဲတွင် စစ်ဘေးရှောင်နေကြသော မိဘပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်သွားလာနိုင်ကြပါရန်လည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ကန်ပက်လက်မြို့နယ်၊ လူသားစာနာ ဘေးစီမံဌာန။
အညွှန်း-ဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသော ဒေသခံပြည်သူ။

