July 17, 2026

ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရသည့် ၅၀ နှစ်ပြည့် ရွှေရတုအထိမ်းအမှတ်နေ့တွင် Chin Students Union Of Myanmar က ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများနှင့်အတူ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်

0

Chinland Channel/ ၂၆၊ ဇွန်၊ ၂၀၂၆

ဆလိုင်းတင်မောင်ဦးသည် စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပြည်သူလူထု၏ အခွင့်အရေးများအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည့် အာဇာနည်သူရဲကောင်းဖြစ်ကြောင်း Chin Students Union Of Myanmar က ယနေ့၊ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့၊ ဇွန်လ ၂၆ ရက်နေ့သည် ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင် အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့် ၅၀ နှစ်ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ဖြစ်ပြီး Chin Students Union Of Myanmar အနေဖြင့် ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရသည်မှာ နှစ်ပေါင်း ၅၀ ပြည့်မြောက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်မှ အပြည်အဝ လွတ်မြောက်နိုင်ခြင်းမရှိသေးဘဲ ၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကျောင်းသား၊ လူငယ်များနှင့် ပြည်သူလူထုများကို စစ်တပ်က အကြမ်းဖက်မှု၊ မတရားဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ဆလိုင်းတင်မောင်ဦးကွပ်မျက်ခံရချိန်တွင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဟု ကြွေးကြော်ခဲ့ပြီး ဆလိုင်းတင်မောင်ဦး၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်တို့သည် ကျွန်ုပ်တို့ ကျောင်းသားလူငယ်များ၏ နှလုံးသားထဲတွင် ဆက်လက်ရှင်သန် နေဆဲဖြစ်ကြောင်းထုတ်ပြန်ထားသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed