မလေးရှားမှာ ချင်းလူငယ်တစ်ဦး ကတ်ကြေးဖြင့်အထိုးခံရပြီးသေဆုံး
Chinland Channel / ၇ ၊ အောက်တိုဘာ၊ ၂၀၂၆
မလေးရှားရောက်ချင်းလူငယ်တစ်ဦး မနေ့ အောက်တိုဘာ ၆ ရက်ညပိုင်းမှာ ကတ်ကြေးဖြင့်အထိုးခံရပြီး ဒီကနေ့ မနက် ၉ နာရီခွဲ မှာ သေဆုံးသွားခဲ့ပါတယ်။
ဂန့်ဂေါခရိုင်၊ ဟံသာဝတီရွာသား ချင်းလူမျိုး Pu Biak Hlei ဆိုသူက ၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Khuafo ရွာသား Van Lal Chawn အသက် (၂၃) နှစ်ကို ကတ်ကြေးဖြင့်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်မှာ မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ Pu Biak Hlei တို့ မိတ်ဆွေအချို့ နဲ့ Van Lal Chawn တို့ အဖွဲ့ သောက်စားပျော်ပါးကြရာကနေ ရန်ပွဲဖြစ်ပြီး နောက် အိမ်ပြန်ကြရာကနေ Pu Biak Hlei က လမ်းတစ်ဝက်ကနေ ထပ်မံစောင့်ကြိုပြီး ကတ်ကြေးဖြင့် ထိုးသွားတာလို့ ဖြစ်စဉ်သိရှိသူ ချင်းအမျိုးသားတစ်ဦးကပြောပါတယ်။
“သူတို့အရက်သောက်ပြီး ရန်ဖြစ်ကြတာပါ။ ရန်ဖြစ်တာလည်းပြီးရော နှစ်ဖက်စလုံးအိမ်ပြန်ကြတယ်။ အဲ့မှာ Biak Hlei က သူ့သူငယ်ချင်းအချို့ကိုခေါ်ပြီးတော့ လမ်းတစ်ဝက်မှာကြိုစောင့်ပြီးတော့ Van Lal Chawn ကို ကတ်ကြေးနဲ့ တစ်ချက်ထိုးသွားတာ။ ထိုးသွားတာက တစ်ချက်ဆိုပေမယ့် ထိချက်နာသွားပြီးတော့ ဆေးရုံကို ပို့ ဆောင်ထားပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။” လို့ ဖြစ်စဉ်သိရှိသူ ချင်းအမျိုးသားတစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြောကြားထားပါတယ်။
ဆက်ပြီးသူက “ပထမရန်ပွဲမှာ ဒီလိုမျိုးကြုံတွေ့မယ်ဆိုရင် ဒါဟာ လူငယ်သဘာဝ အရက်မူးတုန်းစိတ်မထိန်းနိုင်ဘဲ မတော်တဆကျူးလွန်တာလို့စဉ်းစားလို့ရပေမယ့် အခုဟာက ရန်ပွဲပြီးနောက် လမ်းမှာစောင့်ကြိုပြီး ကတ်ကြေးနဲ့ ထိုးသွားတာဆိုတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လူသတ်တာလို့မြင်တယ်။” လို့လည်းဆက်ပြောပါ တယ်။
အဆိုပါ လူသတ်မှုကိုကျူးလွန်သူ Pu Biak Hlei ကို ဒီကနေ့ မနက်ပိုင်းမှာပဲ သူတို့နေထိုင်ရာ Maluri ရပ်ကွက်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးထားတယ်လို့သိရပါတယ်။
သတင်း – Jessie


