တိုက်ပွဲတွေကြားက ချင်းပြည်မှာ စာသင်ကျောင်း ၃၇၃ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား ၃၅,၈၉၇ ဦး ပညာသင်ကြားနေ
Chinland Channel / ၁ ၊ စက်တင်ဘာ၊၂၀၂၆
ချင်းပြည် (Chinland) အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားကနေ ၂၀၂၄ ခုနှစ်ကစပြီး စာသင်ကျောင်းတွေ ပုံမှန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ လက်ရှိမှာ ကျေးရွာပေါင်း ၆၆၁ ရွာအတွင်း စာသင်ကျောင်း ၃၇၃ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၃၅,၈၉၇ ဦးကို ဆရာ၊ ဆရာမ ၃,၀၉၅ ဦးနဲ့ သင်ကြားပေးနေတယ်လို့ ချင်းပြည်(Chinland) ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ ဩဂုတ် ၃၁ ရက်မှာ ချင်းပြည်(Chinland)ကောင်စီက အများပြည်သူဖတ်ရှုနိုင်အောင် ပြုစုတင်ပြထားတဲ့ “ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး (၂) နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ” ထဲမှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ချင်းပြည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို ရေးဆွဲထားပြီး ပညာရေးလမ်းညွှန်မူဘောင်အဖြစ် အသုံးပြုနေသလို ၂၀၂၅ ကနေ ၂၀၃၀ အထိ ပညာရေးမဟာဗျူဟာလုပ်ငန်းစဉ်ကိုလည်း ရေးဆွဲထားပါတယ်။ အခြေခံပညာရေးအဆင့် ကျောင်းသင်ရိုးညွှန်းတမ်းကိုလည်း ရေးဆွဲပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုလည်း ပြဋ္ဌာန်းထားပြီး အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တက္ကသိုလ်တွေကိုလည်း ချိတ်ဆက်ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ချင်းပြည်အတွင်း စာသင်ကျောင်းတွေ ဆက်လက်လည်ပတ်နိုင်တာမှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အဓိကဖြစ်ပြီး ရပ်ရွာလူထုက စုပေါင်းထည့်ဝင်တဲ့ ငွေကြေးတွေနဲ့ ဆရာ၊ ဆရာမလစာနဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို အဓိက ဖြည့်ဆည်းနေရတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
၂၀၂၄ ခုနှစ်ကနေ နှစ်နှစ်ကျော်ကာလအတွင်း ဆရာဖြစ်သင်တန်း ၂၆ ကြိမ်ကျော် ပြုလုပ်နိုင်ခဲ့ပေမယ့် ဆရာ၊ ဆရာမတွေကို ဝန်ကြီးဌာနက လစာအပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြို့နယ်၊ ဒေသနဲ့ ကျေးရွာအလိုက် ပြည်သူတွေက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနေကြပါတယ်။
အဆင့်မြင့်ပညာရေးပိုင်းမှာလည်း တက္ကသိုလ်အကြိုသင်တန်းကျောင်းတွေကို မြို့နယ်နဲ့ ဒေသ ၅ ခုမှာ ဖွင့်လှစ်သင်ကြားပေးနေပြီး Chin National University (CNU) ကိုလည်း ပညာရေး၊ ဥပဒေနဲ့ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာဌာန ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ လက်ရှိ CNU မှာ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်အတွင်း စာသင်ကျောင်းအဆောက်အဦး ၅၅ ခု ပျက်စီးခဲ့ရတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါကြောင့် စာသင်ခန်းတွေကို ကွင်းပြင်တွေ၊ အများပြည်သူသုံး အဆောက်အအုံတွေ၊ ပုဂ္ဂလိကနေအိမ်တွေမှာပါ ဖွင့်လှစ်သင်ကြားနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ကျောင်းအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့အတွက်လည်း ဝန်ကြီးဌာနမှာ လုံလောက်တဲ့ ဘဏ္ဍာငွေ မရှိသေးတာကြောင့် ရပ်ရွာအလှူရှင်တွေရဲ့ အကူအညီကို အဓိကအားထားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မြို့နယ်နဲ့ ဒေသအလိုက် ပညာရေးရုံးတွေမှာလည်း ဘဏ္ဍာငွေထောက်ပံ့မှု မရရှိသေးတာကြောင့် အခက်အခဲတွေနဲ့ လည်ပတ်နေရပြီး ကျောင်းတွေကို စောင့်ကြည့်တာ၊ ကျောင်းသားတွေရဲ့ အခြေအနေကို လိုက်လံခြေရာခံတာနဲ့ လိုအပ်ချက်တွေကို အချိန်မီ တုံ့ပြန်ဆောင်ရွက်ရာမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာရေးမူဝါဒ ရေးဆွဲအကောင်အထည်ဖော်ရေး၊ နိုင်ငံတကာပညာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းရေး၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးမြှင့်တင်ရေး၊ ကျောင်းစီမံအုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်ရေးနဲ့ ပညာသင်ဆုတွေ တိုးချဲ့ရေးတို့ကို ဦးစားပေးလုပ်ငန်းစဉ်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူမျိုးတွေ၊ အလှူရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ချင်းပြည်ရဲ့ ပညာရေးကဏ္ဍအတွက် ဘက်ပေါင်းစုံကနေ ပါဝင်ကူညီပံ့ပိုးပေးကြဖို့လည်း ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
သတင်း – Jessie



