PLA နဲ့ ပဋိပက္ခဖြစ်ပွားမှုအတွင်း PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
Chinland Channel / ၂၃ ၊ ဇွန်လ၊ ၂၀၂၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ပြည်သူတစ်ဦးကို ဖမ်းဆီးငွေညှစ်မှုနဲ့ ဆက်နွယ်တဲ့ပြဿနာမှအစပြုကာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်မှာ ကနဦးသတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ PLA စစ်ရေးတာဝန်ခံနဲ့ အဖွဲ့ဟာ မေလ ၂၆ ရက် ညပိုင်းမှာ တောင်သာမြို့နယ် ဝဲလောင်းကျေးရွာမှ ဒေသခံတစ်ဦးကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူနဲ့အတူ မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ အိမ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းများ၊ ဘွဲ့လက်မှတ်များနဲ့ ငွေသား ၁၀ သိန်းကျပ်ကိုလည်း ယူဆောင်သွားခဲ့ တယ်လို့ဆိုပါတယ်။
ဇွန်လ ၁၈ ရက်တွင် ဖမ်းဆီးခံထားရသူရဲ့ ဇနီးဖြစ်သူထံ PLA ဘက်မှ ငွေကျပ် သိန်း ၂,၀၀၀ မပေးပါက ဖမ်းဆီးခံရသူကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့လို့ ယင်းကိစ္စအတွက် တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။
ထို့နောက် တောင်သာမြို့နယ် ပကဖက ဖမ်းဆီးခံထားရသူအား ပြန်လည်လွှတ်ပေးရန်နဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းများကို ပြန်လည်အပ်နှံရန် PLA ထံ စာပေးပို့တောင်းဆိုခဲ့သော်လည်း PLA ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၂၂ ရက်မှာ PLA ဘက်က ဖမ်းဆီးခံရသူကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အကြောင်းပြန်ခဲ့သော်လည်း အဆိုပါ ဒေသခံကို ဝဲလောင်းကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားတွင် ရိုက်နှက်ဒဏ်ရာများဖြင့် သတိလစ်နေတဲ့ အခြေအနေဖြင့် တွေ့ရှိခဲ့ပြီး သိမ်းဆည်းသွားတဲ့ ပြည်သူပိုင်ပစ္စည်းများကိုလည်း ပြန်လည်အပ်နှံခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
အဆိုပါ ဒေသခံအား ကယ်ဆယ်ကုသမှုများ ဆောင်ရွက်ပြီးနောက် သဘောတူညီချက်အရ ခရိုင်အတွင်း မနေထိုင်တော့တဲ့ PLA စခန်းများကို ဝင်ရောက်စစ်ဆေးရာတွင် ရဲဘော်များ အိပ်ဆောင်အဖြစ် အသုံးပြုတဲ့ နေရာများမှာ ရည်ရွယ်ချက်ရှရှိ မိုင်းများထောင်ထားတာကြောင့် ပေါက်ကွဲပြီး PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက PLA နဲ့ပတ်သက်ပြီး ပြည်သူများထံမှ တိုင်ကြားထားတဲ့ နောက်ဆက်တွဲဖြစ်စဉ်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းဆိုထားပါတယ်။
သတင်း – Jessie

