ပလက်ဝ လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၁ နှစ်အရွယ်ကလေးအပါအဝင် ၅ ဦးသေဆုံး၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို
Chinland Channel / ၂၅ ၊ ဩဂုတ်၊၂၀၂၆
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို ဩဂုတ်လ ၂၄ ရက် မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ အရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုဟာ မနက် ၁၁ နာရီ ၉ မိနစ်ကနေ ၁၁ နာရီ ၁၆ မိနစ်အထိ ဖြစ်ပွားခဲ့ပြီး ဂျက်တိုက်လေယာဉ် ၂ စီးက ကျေးရွာအတွင်းနဲ့ ဘုန်းကြီးကျောင်းဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးတွေဟာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ မူလတန်းကျောင်းသားတစ်ဦးနဲ့ အသက် ၁ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၅ ဦးဟာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ ၁၇ ဦးထဲမှာလည်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၈ ဦး ပါဝင်ပါတယ်။ အဲဒီထဲက ၆ ဦးဟာ ပြင်းထန်ဒဏ်ရာရရှိထားပြီး အခြေအနေစိုးရိမ်ရတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝကျေးရွာက လူနေအိမ် ၁၇ လုံး နဲ့ ဘုန်းကြီးကျောင်းဆောင်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝမြို့နဲ့ ဆမီးမြို့တွေကိုလည်း ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – Jessie


