July 17, 2026

ချင်းပြည် အလယ်ပိုင်းအတွက် အရေးပါသော ကုန်သွယ်ရေးလမ်းပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန် ရံပုံငွေအခက်အခဲကြုံနေရ

0

Chinland Channel/ ၁၃၊ ဇူလိုင်၊ ၂၀၂၆

ချင်းပြည်အတွင်းရှိ ဇိုတုန်ဒေသ၊ လောက်တူဒေသ၊ မရာဒေသ၊ ဇိုဖေဒေသ၊ မတူပီမြို်နယ့နှင့် ထန်တလန်မြို့နယ်တို့အတွက် အဓိကအရေးပါသော ဂန့်ဂေါ-အိုက်ကားလမ်း မြေပြိုမှုကြောင့် ဒေသခံများအတွက် စားဝတ်နေရေးနှင့် ကုန်သွယ်ရေးအတွက် အခက်အခဲကြုံတွေ့နေရ ကြောင်းသိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇိုတုန်ဒေသအတွင်းရှိ အဓိကလမ်းမကြီး အများအပြားပျက်စီးခဲ့ပြီး အဆိုပါလမ်းများကို ပြန်လည်ပြုပြင်ရန် ရံပုံငွေအခက်အခဲများကြုံတွေ့နေရကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။

“ဒီလမ်းမကြီးက ၂၀၂၅ မိုးရာသီမှာ မိုးအလွန်များပြားသောကြောင့် အတော်လေးပျက်စီးခဲ့ပါတယ်။ ၂၀၂၆ နွေရာသီမှာ ပျက်စီးသွားတဲ့ နေရာတွေကို အကြီးအကျယ်ပြုပြင်သည့်အတွက် ကုန်ကျစရိတ်က သိန်း ၂၀၀၀ ကျော်ခဲ့ပါတယ်။ ကုန်ကျငွေထဲက ယခုထိ သိန်း ၃၀၀ လောက် အကြွေးမဆပ်နိုင်သေးတဲ့အတွက် မြေပြိုမှုတွေကို ဆက်လက်ဖယ်ရှားနိုင်ရန် ရံပုံငွေအခက်အခဲ ကြုံတွေ့နေပါတယ်”ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ တာဝန်ခံက Chinland Channel ကို ပြောကြားသည်။

ချင်းပြည် အလယ်ပိုင်းအတွက် ကုန်သွယ်စီးဆင်းမှုအမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ဇိုတုန်ဖက်ဒရယ်ကောင်စီအနေဖြင့် မြေပြိုမှုများကို ဖယ်ရှားပြုပြင်မှုများအတတ်နိုင်ဆုံးလုပ်ဆောင်နေပြီး တော်လှန်ရေးကာလဖြစ်သည့်အတွက် မြေပြိုမှုများကို အချိန်နှင့် တပြေးညီဖယ်ရှားရန် အခက်အခဲကြုံနေရကြောင်းလည်း သိရသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြုပြင်နေဆဲလမ်းပိုင်းများလည်း မြေထပ်မံပြိုကျနေပြီး လမ်းကြောင်းပိတ်ဆို့မှုများဆက်လက်ကြုံတွေ့နေရကြောင်းသိရသသည်။

“ဒီမြေပြိုကြီးနေရာက မိုးရာသီအချိန်တိုင်း နှစ်တိုင်းပြိုနေပါတယ်။ ဒီနေရာကို အရင်က ငလျှင်ထိထားလို့ မြေပျော့ကာ မြေပြိုနိုင်တဲ့ မြေစာတွေ လမ်းမပေါ်မှာ အများကြီး တောင်တင်နေပါသဖြင့် မိုးရွာတိုင်း တဖြည်းဖြည်းချင်း ဆက်လက်ပြိုပါတယ်”လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ တာဝန်ခံက ဆက်လက်ပြောကြားသည်။

လက်ရှိချင်းပြည် နေရာဒေသအများအပြားတွင် ကားလမ်းမြေပြိုမှုများဖြစ်ပေါ်နေပြီး ကုန်သွယ်ရေးပြတ်တောက်မှုမရှိစေရေးအတွက် ဒေသန္တရအစိုးရနှင့် ဒေသခံများက တတ်နိုင်သမျှ ပြုပြင်မှုများဆောင်ရွက်နေကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ဇိုတုန်ဒေသတွင် မြေပြိုပြီး ပျက်စီးနေသော လမ်းများ။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed