ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ ရှိလာနိုင်ဟု USGS သတိပေး
Chinland Channel / ၂၅ ၊ ဇွန်လ၊ ၂၀၂၆
ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်စ်မှာ အင်အားပြင်း ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က သတိပေးလိုက်သဖြင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။
ဇွန်လ ၂၄ ရက်၊ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်မှာ အင်အား ၇.၂ နဲ့ ၇.၅ အဆင့်ရှိ ငလျင်နှစ်ကြိမ်မှာ စက္ကန့်ပိုင်းသာ ခြားပြီး လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပြိုကျခြင်း၊ လူအများအပြား ထိခိုက်ဒဏ်ရာရခြင်းနဲ့ မြို့ခံများ လမ်းမပေါ်သို့ အလုအယက် ထွက်ပြေးရခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
USGS ရဲ့ ကနဦးသုံးသပ်ချက်အရ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ အလွန်ကျယ်ပြန့်နိုင်ပြီး လူသေဆုံးမှု အများအပြား ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင် သေဆုံးသူအရေအတွက်မှာ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အကြား ရှိလာနိုင်ပြီး ၁၀,၀၀၀ ကျော် သေဆုံးနိုင်ခြေမှာ ၄၄ ရာခိုင်နှုန်းအထိ ရှိကြောင်း ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်အထိ ဗင်နီဇွဲလားအာဏာပိုင်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ စာရင်းကို မထုတ်ပြန်သေးသော်လည်း ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသများမှ သတင်းများအရ လူနေအဆောက်အအုံများနဲ့ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ငလျင်လှုပ်ခတ်ချိန်မှာ နိုင်ငံတော်အားလပ်ရက်ဖြစ်နေသဖြင့် မိသားစုအများစု နေအိမ်အတွင်း ရှိနေကြရာ ပြိုကျတဲ့ အဆောက်အအုံများနဲ့ အပျက်အစီးများကြောင့် ထိခိုက်သူ ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များဟာ ကာရာကတ်စ်မြို့အနှံ့တွင် တစ်ညလုံး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး အပျက်အစီးများအောက် ပိတ်မိနေသူများကို အသက်ရှင်လျက် တွေ့ရှိနိုင်ရေး ကြိုးပမ်းနေကြပါတယ်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းများတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ပြိုကျသွားတဲ့ အဆောက်အအုံများကြား ရှာဖွေကယ်ဆယ်နေတဲ့ မြင်ကွင်းများကို တွေ့ရပြီး ပျောက်ဆုံးနေသူများရဲ့ မိသားစုဝင်များမှာလည်း သတင်းအချက်အလက်များ ရရှိရေး စောင့်ဆိုင်းနေကြပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးဌာနကလည်း နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေသဖြင့် ပြည်သူများအနေဖြင့် ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံများအတွင်း မနေထိုင်ကြရန်နဲ့ သတိဝီရိယရှိကြရန် တိုက်တွန်းထားပါတယ်။
ငလျင်ဗဟိုချက်မှာ ကာရာကတ်စ်မြို့ရဲ့ အနောက်ဘက်တွင် တည်ရှိသော်လည်း တုန်ခါမှုများကို ဗင်နီဇွဲလားနိုင်ငံအနှံ့ ခံစားခဲ့ရပြီး အိမ်နီးချင်း ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာအထိပါ သက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ကာရာကတ်စ်မြို့ အရှေ့ပိုင်း ချာကာအိုမြို့နယ်တွင် အဆောက်အအုံနှစ်လုံး ပြိုကျခဲ့ပြီး လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် ဂူစတာဗို ဒူကေးက ပြောကြားထားပေမယ့် အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
အာဏာပိုင်များနဲ့ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိနေဆဲလို့ ယူဆထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
ကိုးကား – ABP News
သတင်း – Jessie

