September 11, 2026

ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း Non-CDM နဲ့ ဒလန်တွေကို FRC ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ဆို

0

Chinland Channel / ၁ ၊စက်တင်ဘာ၊၂၀၂၆

ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် Non-CDM တွေနဲ့ ဒလန်တွေကို တော်လှန်ရေးကာလအတွင်း ပြဋ္ဌာန်းထားတဲ့ FRC ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆဲင်ထန်ဗဟိုကောင်စီက ဩဂုတ် ၃၁ ရက်၊ မနေ့ကထုတ်ပြန်ထားပါတယ်။

ဆဲင်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီအစည်းအဝေးကို ဩဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး နောက်ယခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ကောင်စီနဲ့ မဏ္ဍိုင်သုံးရပ်ရဲ့ လုပ်ငန်းအစီရင်ခံစာတွေ တင်သွင်းဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာအပြင် စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအတွင်း စစ်အုပ်စုဘက်က အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေမှာ နည်းလမ်းမျိုးစုံနဲ့ ပြည်သူတွေကို ဖိအားပေး စည်းရုံးသိမ်းသွင်းနေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်တာ မလုပ်ကြဖို့နဲ့ အမျိုးသားရေးနဲ့ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေကနေ ရှောင်ရှားပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေရဲ့ လိုလားချက်နဲ့အညီ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

အဲဒီအပြင် နယ်မြေအတွင်းရှိ မြေတွေကို သက်ဆိုင်ရာဌာနနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်၊ ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ရှင်းလင်းတာ၊ တောင်ယာနဲ့ လယ်ယာမြေ ဖော်ထုတ်တာ၊ နယ်နိမိတ်တိုင်းတာတာတွေ ပြုလုပ်ပါက ဆဲင်ထန်ဗဟိုကောင်စီရဲ့ သစ်တောနဲ့ မြေယာဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed