လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မေလအတွင်း ချင်းပြည်မှာ အမျိုးသမီး ၆ ဦး သေဆုံး
Chinland Channel / ၁၉ ၊ ဇွန်လ၊ ၂၀၂၆
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများနဲ့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၂၀၂၆ ခုနှစ် မေလအတွင်း ချင်းပြည်မှာ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (WJ) က ဇွန်လ ၁၈ ရက်မှာထုတ်ပြန်ထားပါတယ်။
WJ ရဲ့ မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာအရ ချင်းပြည်နယ်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့်လည်း အမျိုးသမီး ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်းမှာလည်း အမျိုးသမီး ၆ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိခဲ့ကြောင်း သိရပါတယ်။ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသမီး ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့တဲ့အပြင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်လည်း အမျိုးသမီး ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေပြီး စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကိုလည်း နေ့စဉ်ရက်ဆက် ကျူးလွန်နေကြောင်း WJ ကဆိုပါတယ်။
ယခုလိုပဋိပက္ခများကြောင့် အမျိုးသမီးများဟာ အသက်အန္တရာယ်၊ ထိခိုက်ဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှုနဲ့ ပဋိပက္ခဆိုင်ရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က မေလအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို လက်လှမ်းမီသမျှ စုစည်းပြုစုကာ မှတ်တမ်းတင်ဖော်ပြထားခြင်းဖြစ်ပါတယ်။
WJ ဟာ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ပံ့ပိုးပေးနေတဲ့အပြင် သတင်းမှတ်တမ်းပြုစုခြင်းနဲ့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါ တယ်။
သတင်း – Jessie

