မီဇိုရမ်မှာ CDM စစ်သားနဲ့ ရဲသား ၂၄ ဦးကို IHL သင်တန်းပို့ချ
Chinland Channel / ၂၉ ၊ ဇူလိုင်လ၊ ၂၀၂၆
ပြည်သူ့ပန်းတိုင်အဖွဲ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါသာရ်မှာ CDM စစ်သားနဲ့ ရဲသားတွေကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law – IHL) အခြေခံသင်တန်းကို ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို CDM စစ်သားနဲ့ ရဲသား ၂၄ ဦး တက်ရောက်ခဲ့ပြီး၊ ပြည်သူ့ပန်းတိုင်အဖွဲ့က သင်ကြားရေးနည်းပြ ၃ ဦးနဲ့အတူ စုစုပေါင်း ၂၇ ဦး ပါဝင်ကာ သင်ကြားဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား အပြစ်မဲ့အရပ်သားပြည်သူတွေကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ဖို့နဲ့ စစ်ပွဲအတွင်း လိုက်နာရမယ့် စစ်မြေပြင်ကျင့်ဝတ်၊ စစ်ဥပဒေတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာလာစေဖို့ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်အချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြပြီး ပြည်ပကို တိမ်းရှောင်သွားသူတွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီ CDM သမားအချို့က တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေး၊ လုံခြုံရေးနဲ့ ဥပဒေဆိုင်ရာ သင်တန်းတွေမှာ ဆက်လက်ပါဝင်လျက်ရှိပါတယ်။
IHL ဟာ စစ်ပွဲအတွင်း အရပ်သားများ၊ ဒဏ်ရာရသူများ၊ စစ်သုံ့ပန်းများကို ကာကွယ်ရန်နဲ့ လက်နက်ပိုင် ပဋပက္ခ များအတွင်း အသုံးပြုနိုင်တဲ့ စစ်ရေးနည်းလမ်းများကို ကန့်သတ်သတ်မှတ်ထားတဲ့ နိုင်ငံတကာဥပဒေဖြစ်ပါတယ်။
သတင်း – Jessie

