July 17, 2026

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y 12 တို့ဖြင့် အကြိမ် ၃၀ ကျော် ထပ်မံဗုံးကြဲတိုက်ခိုက်

0

Chinland Channel/ ၂၅၊ ဇွန်၊ ၂၀၂၆

ချင်းပြည်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို စစ်ကောင်စီက ယနေ့၊ ဇွန်လ နံနက် ၇ နာရီမှ စတင်၍ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့၊ အရှေ့ဖက်ခြမ်းတနေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ်၊ ဗုံးစုစုပေါင်း ၆ ကြိမ်ကြဲချခဲ့ပြီး Y 12 ဖြင့် ၃ လုံးတွဲ ၇ ကြိမ်၊ ဗုံးစုစုပေါင်း ၂၀ ကျော်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျောက်ထုဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မင်းတပ် အရှေ့ဘက်ခြမ်းမှာပဲ အမြဲတိုက်ပွဲဖြစ်နေတော့ နေ့တိုင်းလိုလို အဲ့ဘက်ကို လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်တာ။ မင်းတပ်မြို့၊ အရှေ့ဘက်ခြမ်းဆိုတာက ကျောက်ထု-မင်းတပ် အကြား ဂေါက်သီးကွင်းတဝိုက်ကိုပေါ့” ဟု မင်းတပ်ဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။

အလားတူ ကန်ပက်လက်မြို့၊ အရှေ့ဘက်ခြမ်းတနေရာကိုလည်း စစ်ကောင်စီက ယနေ့၊ ဇွန်လ ၂၅ ရက်၊ နံနက် ၇ နာရီအကျော်တွင် ဂျက်ဖိုက်တာ ၁ စီးနှင့် Y 12 တို့ဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းသိရသည်။

မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အင်အား ၂၀၀၀ ကျော်ဖြင့် မကွေးတိုင်း၊ ယောနယ်ဘက်မှ ထိုးစစ်ဆင်လာသည့်အတွက် ချင်းပြည်သူ့အစည်းအရုံး(CPA/CPU)၊ ချင်းညီနောင်(CB)၊ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က မြို့လက်မလွှတ်ရေးအတွက် ပြင်းပြင်းထန်ထန် ပြန်လည်ခုခံနေခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ၂ လကျော်အတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၄၄၀ ကျော်ပြုလုပ်ခဲ့ပြီး ထိုသို့ ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ မြို့များ၊ ကျေးရွာများ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အုံများနှင့် အရပ်သားဆိုင်ရာ အဆောက်အအုံများကို အဓိကပစ်မှတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed