CDF-Hakha မှ ညမထွက်ရအမိန့်ထုတ်ပြန်၊ လူစိမ်းများတွေ့ရှိပါက သတင်းပေးဖို့တိုက်တွန်း
Chinland Channel / ၇ ၊ ဇူလိုင်လ၊ ၂၀၂၆
ချင်းပြည်နယ် ဟားခါးမြို့နဲ့ မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ Non-CDM ဝန်ထမ်းတချို့ဟာ ဒေသခံပြည်သူတွေအသွင် ဝတ်စားဆင်ယင်ပြီး သွားလာလှုပ်ရှားနေတယ်လို့ဆိုကာ CDF-Hakha က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီး၊ မသိကျွမ်းတဲ့ လူစိမ်းတွေကို တွေ့ရှိရင် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ချက်ချင်းသတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်တဲ့ Chinland Defense Force – Hakha (CDF-Hakha) ရဲ့ အသိပေးချက်မှာ လက်ရှိ ဟားခါးမြို့နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ Non-CDM တွေဟာ သာမန်ပြည်သူတွေရဲ့ ဝတ်စားဆင်ယင်ပုံစံနဲ့ အဝင်အထွက် ပြုလုပ်နေတာတွေ များပြားလာနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို အခြေအနေကြောင့် ရပ်ကွက်၊ ကျေးရွာနဲ့ လမ်းခရီးပတ်ဝန်းကျင်တွေမှာ မမြင်ဖူး၊ မသိကျွမ်းဖူးတဲ့ လူစိမ်းတွေကို တွေ့ရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အမြန်ဆုံး သတင်းပေးပို့ကြဖို့ CDF-Hakha က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မချင်း ဇူလိုင် ၇ ရက်နေ့ကစပြီး ညနေ ၇ နာရီကနေ နံနက် ၆ နာရီအထိ ဟားခါးမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ မည်သူမျှ သွားလာခြင်း မပြုကြဖို့ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie

