ဖလမ်းတိုက်ပွဲအတွင်း CDF-KKG တပ်ရင်း (၇) ဒုတပ်ရင်းမှူးနှင့် ရဲဘော်တို့ ကျဆုံး
Chinland Channel / ၂၃ ဖေဖော်ဝါရီ ၂၀၂၆
ဖလမ်းမြို့သို့ ဦးတည်လာနေသော အကြမ်းဖက် စစ်ကော်မရှင်တပ်များကို ချင်းတော်လှန်ရေး တပ်ပေါင်းစုမှ ခုခံလျက်ရှိရာတွင် CDF-KKG တပ်ရင်း (၇) မှ ဒုတိယတပ်ရင်းမှူး ခိုင်ပီးနှင့် ရဲဘော် လာလ်ဘိခ် တို့ ကျဆုံးခဲ့ကြောင်း သိရှိရသည်။
CDF-KKG တပ်ရင်း (၇) ဒုတပ်ရင်းမှူး ခိုင်ပီးသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ပြန်လည်ထိုးစစ်ဆင်မှုတွင် ကျဆုံးခဲ့သည်ဟု သိရှိရပြီး၊ ရဲဘော် လာလ်ဘိခ်သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ ထင်းရှုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ အခု လက်ရှိ ဖလမ်းကို ဦးတည်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေကို ခုခံကာကွယ်တဲ့နေရာမှာ ချင်းပြည် (Chinland) ကောင်စီရဲ့ စစ်ကြောင်းနဲ့အတူ ကျန်တဲ့ မဟာမိတ်တွေနဲ့အတူတကွ ကျနော်တို့ CDF-KKG တပ်ဖွဲ့လည်း ပူးပေါင်းပါဝင်နေပါတယ်။ ကျဆုံးသွားတဲ့ တပ်ရင်း (၇) ဒုတပ်ရင်းမှူး ခိုင်ပီးဟာဆိုရင် တိုက်ခိုက်ရေးပိုင်းမှာ ကျနော်တို့ အတော်လေး အားကိုးရသူလည်း ဖြစ်ပါတယ်။ သူ့မှာ ဇနီးနဲ့ ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။ ရဲဘော် လာလ်ဘိခ်ကတော့ ထင်းရှူးစခန်းကို ထိုးစစ်ဆင်မှုအတွင်း စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာနဲ့ လာတိုက်ခိုက်မှုမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ “ – ဟု CDF-KKG မှ တာဝန်ရှိသူတစ်ဦးက Chinland Channel ကို ဖြေကြားသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖလမ်းနယ်၊ ထင်းရှူးစခန်းအနီးတဝိုက် အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ရန်သူ့ လက်နက် ၉ လက်သိမ်းဆည်းမိခဲ့ကြောင်း သိရှိရသည်။
သတင်း – Kimmy

