ကနေဒီတောင်အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် PDF Zoland တို့ တိုက်ပွဲပြင်းထန်နေ၊ တီးတိန်-ကလေးလမ်း ပိတ်ထားဟုဆို
Chinland Channel/ ၂၈ ဒီဇင်ဘာလ ၂၀၂၅
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ကနေဒီတောင်အနီးတဝိုက်တွင် စစ်ကော်မရှင်နှင့် PDF Zoland တို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် တီးတိန်-ကလေးလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်ကစပြီး ကနေဒီတောင်အနီးတဝိုက်တွင် ကင်းပုန်းဝတ်နေသော စစ်ကော်မရှင်တပ်သားများအား PDF Zoland တပ်ဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်ကော်မရှင်တပ် ရွေးကောက်ပွဲကြောင့် ယာယီပိတ်ထားသည့် တီးတိန်မြို့အဝင်အထွက်က မနက်ဖြန်မှစပြီး ဝင်ထွက်သွားလာခွင့် ခွင့်ပြုထားတယ်။ ကလေးဘက်ဆင်းမယ့်သူများ သွားလို့မရေးသေးဘူး၊ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဖြစ်တယ်။ ပြည်သူများ သတိထားနေထိုင်ကြဖို့ လိုအပ်တယ်” ဟု PDF Zoland တပ်ဖွဲ့ စစ်ဦးစီးချုပ်က ၎င်း၏ လူမှုကွန်ယက်တွင် ရေးတင်ထားသည်။
ယခုဖြစ်နေသည့် စစ်ကော်မရှင်တပ်နှင့်တိုက်ပွဲအတွင်း PDF Zoland တပ်ဖွဲ့ ဘက်မှ ရဲဘော် SumLian ဆိုသူသည် တိုက်ပွဲအတွင်းမြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ အဆိုပါတိုက်ပွဲနှင့်ပက်သက်ပြီး PDF Zoland တပ်ဖွဲ့ဘက်မှ တစုံတစ်ရာ တရားဝင်အသိပေးထုတ်ပြန်လာခြင်းမရှိသေးပေ။
သတင်း-Joshua
(ပုံအဟောင်းဖြစ်သည်)

