အာရက္ခတပ်တော်(AA)မှ စစ်မှုထမ်းရန် အတင်းအဓမ္မ စည်းရုံးမှုကြောင့် ပလက်ဝ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ် GKO ကန့်ကွက်
Chinland Channel/ ၁၅ ဒီဇင်ဘာလ ၂၀၂၅
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော်(AA)မှ စစ်မှုထမ်းရန် အတင်းအဓမ္မ စည်းရုံးမှုကြောင့် ဒေသခံအရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့နေရမှုအပေါ် GKO ကန့်ကွက် Global Khumi Organization(GKO)က ကန့်ကွက်ရှုပ်ချကြောင်း ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်(ULA/AA)မှ ဒေသခံချင်းပြည်သူများအား စစ်မှုထမ်းရန် အတင်းအဓမ္မစည်းရုံးမှုကြောင့် သောင်းနှင့်ချီသော ဒေသခံများသည် နေရပ်စွန့်ခွါကာ အိန္ဒိယ၊ဘဂ်လားဒေ့ရှ်နှင့်မြန်မာပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှစတင်၍ ပလက်ဝမြို့နယ်၊ လောင်းကဒူး၊ ရီးမဝ၊ တုံးမဝ၊ အောက်သဲမဝ၊ နှာမဒါစသည့်ကျေးရွာများတွင် ၂နှစ်အထက်ကလေး မိခင်ပါမကျန် အမျိုးသားအသက်(၁၈ မှ၄၅)နှစ်၊အမျိုးသမီးအသက်(၁၈ မှ ၃၅) နှစ်အတွင်း စစ်မှုထမ်းရမည်ဟုဆိုကာ အရပ်သားပြည်သူများအား AAအရာရှိနှင့် ULA/AAခန့်အုပ်ချုပ်ရေးမှူးတို့က ဖမ်းဆီးခဲ့သည်ဟုဆို သည်။
ထို့အပြင့် ဒီဇင်ဘာလ ပထမအပတ်တွင် ပလက်ဝမြို့နယ် ဝက်မ၊ ပြန်တိန်၊ မိတ်စာဝ(၁)၊ မိတ်စာဝ(၂)၊ မိတ်စာဝ(၃)၊ ငမြင်းသောင်၊ ဆားဝနှင့် ပြိုင်းသောင်ကျေးရွာများမှ စစ်မှုထမ်းရန်အကြုံးဝင်သော ဒေသခံများစာရင်းကိုလည်း ကောက်ယူခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလဒုတိယပတ်အတွင်း အာရက္ခတပ်တော်(ULA/AA) ၏ ဖမ်းဆီးမှုများကြောင့် အိမ်ခြေပေါင်း ၁၀၀ နီးပါးမှ နေရပ်စွန့်ခွာခဲ့ရပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် အများဆုံး ခိုလှုံနေထိုင်ကြရသည်ဟု သိရသည်။
ထွက်ပြေးတိမ်းရှောင်သူ အချို့သည် စစ်ဆေးရေးဂိတ်များတွင်ပင် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း အချက်အလက်များ ထွက်ပေါ်လျက်ရှိသည်။
ပလက်ဝမြို့နယ်ရှိ ကျေးရွာလူငယ်များအား အတင်းအဓမ္မ စစ်သားစုဆောင်းမှုများကြောင့် အာရက္ခတပ်တော်(AA) အား လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ငန်းစဉ်ကို အားပေးခြင်းဟူသော ပြင်းထန်သည့် အချက်ဖြင့် Global Khumi Organization (GKO)က လုံးဝကန့်ကွက် ရှုတ်ချထားခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလတွင် အလုံးစုံသိမ်းပိတ်ထားပြီး ဒေသန္တတရအုပ်အချုပ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။
သတင်း-Joshua


