ချင်းအမျိုးသားရေးကို အဓိကထား၍ CDF-Kanpetlet သည် ချင်းပြည်(Chinland) အစိုးရနှင့် ပူးပေါင်းခြင်းဖြစ်ကြောင်း CDF-Kanpetlet ပြော
Chinland Channel/ ၇၊ အောက်တိုဘာ၊ ၂၀၂၆
မြို့နယ်နှင့် နယ်မြေဒေသကို အခြေပြုသော တော်လှန်ရေးအဖွဲ့အစည်းမှ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ရှေးရှု၍ ချင်းပြည်(Chinland) အစိုးရနှင့်ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းများတွင် CDF-Kanpetlet အနေဖြင့် တစိုက်မတ်မတ်ပါဝင်ခဲ့ကြောင်းသိရသည်။
CDF-Kanpetletကို ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ချင်းပြည်(Chinland)အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ယခင်၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ချင်းပြည်(Chinland)အစိုးရ ကာကွယ်ရေးတပ်များနှင့်အတူ ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“Chinland Council ပေါ်ပေါက်တဲ့အချိန်မှာလည်း CDF-Kanpetletအနေနဲ့ လာရောက်ပါဝင်တာလည်းရှိတယ်။ ချင်းအမျိုးသားရေးကို အဓိကထားပြီးတော့ ပါဝင်ရခြင်းဖြစ်တယ်။ Chinland Councilနဲ့ ချင်းညီနောင်မပေါ်ခင်တုန်းက CDF-Kanpetlet တပ်ရင်း ၇ (ဝံပုလွေတပ်ရင်း)ဆိုတာရှိတယ်။ အဲ့ဒီကနေ ချင်းလဲန်ကောင်စီပေါ်လာပြီးတဲ့ နောက်ပိုင်း ထားကြယ်တပ်ရင်းအနေနဲ့ ပါဝင်လာတယ်။ ဖလမ်းတိုက်ပွဲတွေမှာလည်း CDF-Kanpetletအနေနဲ့ ပါဝင်လာတာလည်းရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ CDF-Kanpetlet လုံးဝပြိုကွဲမသွားဘူးဆိုတဲ့အကြောင်း သိစေချင်တဲ့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ရခြင်းဖြစ်ပါတယ်”ဟု CDF-Kanpetlet တာဝန်ခံက Chinland Channel ကို ပြောကြားသည်။
CDF-Kanpetletသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့်အတူ ချင်းအမျိုးသားလုံး၏ အခွင့်အရေးနှင့် သက်ဆိုင်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်သည်။
ထို့အပြင် နောက်နောင်တွင်လည်း စစ်ရေး၊ နိုင်ငံရေး၊ အာဏာရှင်တော်လှန်ရေးနှင့် အမျိုးသားရန်သူ တော်လှန်ရေးတို့တွင် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးအကျိုးကို ရှေ့ရှုလျှက် DCT-CGF (ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့)တွင် အစိုက်မတ်မတ်ရပ်တည်ပြီး အမျိုးသားတော်လှန်ရေးလုပ်ငန်းစဉ် များတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-CDF-Kanpetlet။

