October 27, 2026

ချင်းလုံမြို့တွင် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအတွက် စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပြုလုပ်ပေး

0

Chinland Channel/ ၆၊ အောက်တိုဘာ၊ ၂၀၂၆

ချင်းပြည်၊ ချင်းလုံမြို့တွင် နေထိုင်ကြသော ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအတွက် စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ပထမအကြိမ်သင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့က ချင်းလုံမြို့၊ စာကြည့်တိုက်(Chinlung Learning Initiative)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ချင်းလုံမြို့၊ စာကြည့်တိုက်မှ ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး နော်ဝေးနိုင်ငံမှ Dr Tial Thaနှင့် ဆရာမတချို့တို့က စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို အွန်လိုင်းမှတဆင့် မျှဝေပို့ချခဲ့ကြောင်းသိရသည်။ 

“အခုကာလက တော်လှန်ရေးကာလဖြစ်တဲ့အတွက် ကျွန်မတို့အတွက် အခက်အခဲဆုံးကာလဖြစ်တယ်။ သူတို့က ဒုက္ခအများကြီးရောက်ခဲ့တယ်။ ဒုက္ခအများကြီးကြုံတွေ့ကြတယ်။ အဲ့ဒီထဲမှာ စိတ်ဒဏ်ရာကလည်း အကြီးမားဆုံးအန္တရာယ်လို့ ထင်တယ်။ စိတ်ပိုင်းဆိုင်ရာကျဆင်းပြီဆိုရင် ကျွန်မတို့က ဘာမှ အေးအေးဆေးဆေးလုပ်လို့မရတော့ဘူး။ ကျွန်မတို့က သူတို့အတွက် အများကြီးမလုပ် ပေးနိုင်ရင်လည်း များစွာအထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ပြီးတော့ အချိန်ပေးပြီးတော့ သင်တန်းပို့ချပေးတဲ့အပေါ်မှာလည်း Dr Tial Thaကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီသင်တန်း ပြုလုပ်တဲ့အပေါ်မှာ ငွေးကြေး‌ထောက်ပံ့ကူညီပေးတဲ့ ဆွီဒင်နိုင်ငံက Chin Christian Fellowship Sweden- Women(CCFSW)ကိုလည်း အထူးကျေးဇူးတင်တယ်”ဟု Chinlung Library And Learning Centre(CLLC) ဒါရိုက်တာ Ni Par Hlawnceuက Chinland Channelကို ပြောကြားသည်။

ထို့အပြင် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအတွက် စိတ်ပိုင်းဆိုင်ရာသင်တန်းများ၊ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာသင်တန်းများအပါအဝင် အခြားသင်တန်းများကိုလည်း တစ်လ ၂ ကြိမ်ပြုလုပ်ရန် စီစဉ်ထားပြီး သင်တန်းဖြစ်မြောက်နိုင်ရေးအတွက် အလှူရှင်များ၊ မြေပြင်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ရဲဘော်များအနေဖြင့် ဝိုင်းဝန်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် အလွန်အရေးကြီးသော ကဏ္ဍတွင် ပါဝင်နေပြီး အဆိုပါသင်တန်းတွင် ဒဏ်ရာရ တော်လှန်ရေးရဲဘော်စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်

ဓာတ်ပုံ-ချင်းလုံမြို့၊ စာကြည့်တိုက်တွင် သင်တန်းပြုလုပ်နေစဉ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed