ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသန္တရအစိုးရများနှင့် ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေး ဌာနပေါင်း (၃၀) နှင့် ဆေးရုံ (၁၁) ရုံ ၊ အထူးကုဆေးရုံ (၁) ရုံတို့ကို ဖွင့်လှစ်နိုင်ခဲ့
Chinland Channel ၊ ၃ စက်တင်ဘာ ၂၀၂၄
ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်ရန် ချင်းပြည် (Chinland) တဝှမ်းလုံးရှိ ပြည်သူ့ကျန်းမာရေး ဌာနများနှင့် ဆေးရုံများမှတဆင့် ပဏာမကျန်းမာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေရန် တိုးချဲ့ဆောင်ရွက်လျက်ကြောင်း သိရှိရသည်။ ရံပုံငွေနှင့် လူ့စွမ်းအားအရင်းအမြစ်အပေါ် မူတည်၍ ဒေသန္တရအစိုးရများနှင့် ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေး ဌာနပေါင်း (၃၀) နှင့် ဆေးရုံ (၁၁) ရုံ ၊ အထူးကုဆေးရုံ (၁) ရုံတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျောင်းပေါင်း (၅၄) ကျောင်းတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ အာဏာမသိမ်းခင်ကတော့ ကျမတို့မှာ ကျန်းမာရေးဌာနက ၄၉၈ ရှိတယ်။ Chin State တခုတည်းမှာပဲ။ ဒါပေမယ့် resourcement mapping အရ ကျမတို့ အောက်မှာက ၃၀၀ လောက်ပဲ ရှိတယ်။ တကယ့်တကယ်ကျမတို့ လည်ပတ်နိုင်တာက ၃၀ ကနေ ၅၀ လောက်အထိပဲ ရှိတယ်။ အရမ်းကိုမှ နည်းတယ်ပေါ့နော်။ ဆိုတော့ ပြည်သူလူထုအပေါ် ဘယ်လောက်တောင်မှ လက်လှမ်းမီသလဲဆိုတာ နားလည်တယ်။ ဒါကြောင့်လည်း ကျမတို့က ၂ နှစ်ခွဲအတွင်းမှာ Community Health Ceter ပေါ့ အရင်တုန်းကအခေါ်ဆို ကျေးလက်ကျန်းမာရေးဌာန (ခွဲ) တွေကို တတ်နိုင်သလောက် တိုးချဲ့ပြီးတော့ ဖွင့်နိုင်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ပဏာမကျန်းမာရေးစောင့်ရှောက်မှု ဖြစ်တဲ့ ကျေးလက်ကျန်းမာရေးဌာနမှာတင် ပြီးနေတဲ့ စောင့်ရှောက်မှုမဟုတ်ပဲနဲ့ secondary health လို့ခေါ်တဲ့ ဆေးရုံတွေလည်း လိုလာတယ်။ ဒါကြောင့် တတ်နိုင်သလောက်တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ နောက်ပြီး NUG နဲ့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တယ်။ “ ဟု ကျန်းမာရေးဝန်ကြီး Dr. Sharon Par မှ မီဒီယာများနှင့် တွေ့ဆုံစဉ်က ရှင်းလင်းပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအချက်အလက်စနစ်နှင့် အချက်အလက်စီမံခန့်ခွဲရေးကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့ပြီး အဓိကကျသည့် ဖွား/သေစာရင်း ကောက်ယူမှုစနစ်ကို ၂၀၂၄ တွင် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များထံ မိတ်ဆက်ပေးပြီး အချက်အလက်ကောက်ယူမှုများကို ၂၀၂၅ တွင်စ တင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ကျန်းမာရေးအညွန်းကိန်း တွက်ချက်ပြီး သတင်းအချက်အလက်ပေါ် အခြေခံသည့် စီမံကိန်းနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် လူဦးရေအချက်အလက်နှင့် ဝန်ဆောင်မှုအချက်အလက်များ ကောက်ယူခြင်းကိုလည်း စတင်ကောက်ခံနေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။
သတင်း – Liam
ကိုးကား – ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂ နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ ( သြဂုတ် ၂၀၂၆ )

