ကျန်ဖိုင်းခရိုင်အကျဉ်းထောင်က ထွက်ပြေးသွားသူ ၂ ဦးကို ဟွာလ်ငိုးရမ်းနဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီး
Chinland Channel / ၁၄၊ နိုဝင်ဘာ၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃ ဦးအနက် ၂ ဦးကို ဟွာလ်ငိုးရမ်းရဲတပ်ဖွဲ့နဲ့ ကျန်ဖိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက် ညပိုင်းက ကျန်ဖိုင်းခရိုင်အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃ ဦးထဲက အသက် ၂၆ နှစ် အရွယ် Lalthakima ကို မနေ့က နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ဟွာလ်ငိုးရမ်းရဲတပ်ဖွဲ့နဲ့ ကျန်ဖိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇိုခေါထာရ်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ Lalthakima ဟာ Chawngtlaiကျေးရွာကဖြစ်ပြီး နယ်စပ်၊ မြန်မာဘက်ခြမ်း၊ Khawmawi ရွာမှာ နေအိမ်ငှားရမ်းနေထိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ သူ့ကို ဟွာလ်ငိုးရမ်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကျန်ဖိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာပါ။
Lalthakima ဟာ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားသူဖြစ်ပါတယ်။
အလားတူ အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အသက် ၂၁ နှစ်အရွယ် Lalthlamuana ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဇိုခေါဝ်သာရ်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ အမှုနှစ်မှု ရင်ဆိုင်နေရသူဖြစ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးချိန်မှာလည်း အမှုတွေကို တရားရုံးက စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဖမ်းဆီးရမိပြီးနောက် တရားရုံးက သူ့ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃ ဦးထဲမှာ အသက် ၃၄ နှစ်အရွယ် Vanlalzara တစ်ဦးသာ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ သူဟာ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဒွန်းတလန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားသူဖြစ်ပါတယ်။
အကျဉ်းသား ၃ ဦးဟာ ဩဂုတ်လ ၁၆ ရက် ည ၁၁ နာရီဝန်းကျင်မှာ ကျန်ဖိုင်းခရိုင်အကျဉ်းထောင်ရဲ့ အဆောင်အမှတ် ၁ ကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ အဆောင်ပြတင်းပေါက် သံတိုင်တွေရဲ့ အောက်ခြေကို ဖောက်ထွင်းပြီး အကျဉ်းထောင်အတွင်း ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ကျန်ဖိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သတင်း – Joseph

