အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦးကျဆုံး
Chinland Channel / ၂၇ ၊ ဇွန်လ၊ ၂၀၂၆
အကြမ်းဖက်စစ်တပ်က မနေ့ ဇွန်လ ၂၆ ရက် နဲ့ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ည ၁၀ နာရီဝန်းကျင်မှာ CDF-Hakha တပ်စခန်း နှစ်ခုကို လေကြောင်းဖြင့် ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်ပါတယ်။ CDF-Hakha တပ်ရင်း ၁ စခန်းမှာ ၂ ကြိမ်နဲ့ တပ်ရင်း ၄ တပ်မဟာရုံး မှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်ကြဲချခဲ့ခြင်းဖြစ်ပါတယ်။
“Cin Khua နဲ့ LungHnam အနီးက တပ်စခန်းတခုကို ဗုံးကြဲတိုက်ခံရတာပါ။ အဲ့ဒီတပ်စခန်းက ရဲဘော် ၄ ဦးကျတယ်။ Phai ရွာအနီးက တပ်စခန်း တခုကို ထပ်ကြဲတော့ အဲ့မှာ ရဲဘော်တစ်ဦးထပ်ကျတယ်။ စုစုပေါင်း ၅ ဦးကျတယ်”လို့ မြေပြင်သတင်းအရင်းအမြစ်က Chinland Channel ကို ပြောကြားပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Hakha တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင် ၄ ဦး နဲ့ တပ်ရင်း ၄ မှ တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၅ ဦးကျဆုံးခဲ့တာလို့သိရပါတယ်။
အလားတူ အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ကာနန်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းမှာ နေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦး (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်း မှ ရဲဘော် နှစ်ဦး နဲ့ Zo Army – ZA တစ်ဦးတို့ကျဆုံးခဲ့တယ်လို့သိရပါတယ်။
သတင်း – Jessie / ဆလိုင်းဇလပ်ထန်
ပုံအညွှန်း – ကျဆုံးသွားတဲ့ CDF-Hakha တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – လူမှုကွန်ယက်

