July 17, 2026

ဂျပန်နိုင်ငံရှိ ချင်းအဖွဲ့အစည်းနှစ်ခု ဖျက်သိမ်းပြီး Chin Organization of Japan ကို အသစ်ဖွဲ့စည်း

0

Chinland Channel / ၁ ၊ ဇူလိုင်လ၊ ၂၀၂၆

ဂျပန်နိုင်ငံအခြေစိုက် Chin Community of Japan (CCJ) နဲ့ Chin Youth Organization of Japan (CYO) တို့ကို ဖျက်သိမ်းလိုက်ပြီး Chin Organization of Japan (COJ) ကို အသစ်ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း COJ အလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေး၊ အမျိုးသားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ Chin Organization of Japan (COJ) ဟာ ယခင် CCJ နဲ့ CYO တို့ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး ဂျပန်နိုင်ငံရှိ ချင်းလူမျိုးတွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး၊ အမျိုးသားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေ၊ အစီအစဉ်တွေ၊ တရားဝင်ထုတ်ပြန်ချက်တွေနဲ့ ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုအားလုံးကို Chin Organization of Japan (COJ) အမည်နဲ့သာ တရားဝင် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

COJ က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေအနေနဲ့ Chin Organization of Japan (COJ) ကိုသာ ဂျပန်နိုင်ငံရှိ ချင်းလူမျိုးကို ကိုယ်စားပြုတဲ့ တရားဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ဆက်သွယ်ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Chin Community of Japan (CCJ) နဲ့ Chin Youth Organization of Japan (CYO) တို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာ့ဒီမိုကရေစီအရေးနဲ့ ချင်းပြည်သူတွေအတွက် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဂျပန်နိုင်ငံအခြေစိုက် ချင်းအဖွဲ့အစည်းတွေဖြစ်ပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed