September 11, 2026

ချင်းပြည် (Chinland) ပြည်သူ့ ရဲတပ်ဖွဲ့ကို အလွှာ (၂) လွှာဖြင့် ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့အင်အား ၂၃၇ ဦးရှိကြောင်း သိရ

0

Chinland Channel / ၂ စက်တင်ဘာ ၂၀၂၆

ချင်းပြည် (Chinland) အစိုးရ ၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်သူ့ရဲတပ်ဖွဲ့ကို ချင်းပြည် (Chinland) အဆင့်နှင့် မြို့နယ်ဒေသ အဆင့်ဟူ၍ အလွှာ နှစ်လွှာဖြင့် ဖွဲ့စည်းထားကြောင်း သိရပြီး ရဲတပ်ဖွဲ့ အင်အား စုစုပေါင်း (၂၃၇) ဦးရှိကြောင်း သိရှိရသည်။ အဆိုပါအနက် (၄၉) ဦးတို့မှာ CDM နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး (၂) နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ ( ၂၀၂၆ သြဂုတ် ) အရ သိရှိရသည်။

“ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ကျမတို့ Chinland Govenment နဲ့ မြေပြင်မှာရှိတဲ့ ဒေသန္တရအစိုးတွေ ကြားထဲကို အဓိကချိတ်ဆက်ပေးတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ ကျမတို့က အစိုးရစနစ်တခုကို တည်ဆောက်တဲ့အခါမှာ အဓိကအကျဆုံးဖြစ်သလို အကုန်လုံးလည်း သိထားပြီးဖြစ်တဲ့အတိုင်း Law & Order တရားဥပဒေစိုးမိုးရေးပေါ့နော်။ ဥပဒစိုးမိုးရေးတွေ ရှိဖို့လိုလာတာ ဖြစ်တယ်။ ဒါကို ဝန်ကြီးဌာနကနေပြီးတော့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းဖော်ဆောင်နိုင်ခဲ့ပါတယ်။ “ ဟု သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားတွင်လည်း တာဝန်ရှိသူက မိတ်ဆက်ရှင်းလင်းပြောကြားထားသည်။

ရဲတပ်ဖွဲ့ဝင်အများစုမှာ မြို့နယ်နှင့် ဒေသလက်အောက်ခံများ ဖြစ်ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနက လစဉ်ဦးဆောင်ကျင်းပသည့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးများကို ပုံမှန်တက်ရောက်ကြကြောင်း သိရှိရသည်။

ထို့ပြင် ဒေသန္တရအသီးသီးတွင် အကျဉ်းထောင်များကိုလည်း ကိုယ်စီအလိုက် စီမံမှုများရှိပြီး ၊ ဝန်ကြီးဌာနမှ အကျဉ်းသားများအတွက် အခြေခံလုံခြုံရေးနှင့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံရေးဆိုင်ရာ စံနှုန်းများကို သတ်မှတ်ပေးကြောင်း သိရှိရသည်။ သို့သော် အကျဉ်းသားများကို အကျင့်စာရိတ္တပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မူဝါဒနှင့် ကြီးကြပ်မှုများ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၅ မှစတင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လူဦးရေဆိုင်ရာ အချက်အလက်ကောက်ယူခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်လည်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ရေးဆွဲထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒကို လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ရေးနှင့် သမားရိုးကျ စာရွက်စာတမ်းကို အခြေခံသည့် စနစ်မှ ပိုမိုခေတ်မီထိရောက်သည့် အချက်အလက်စုစည်းမှု စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း – Kimmy

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed