October 27, 2026

NUG နှင့် IKACC-PC တို့ အွန်းလိုင်းမှတစ်ဆင့် တွေ့ဆုံပြီး တော်လှန်ရေး၏ အရွေ့အပြောင်းကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး

0

Chinland Channel/ ၂၃၊ အောက်တိုဘာ၊ ၂၀၂၆

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီလ ဦးဆောင်သော အဖွဲ့နှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – ပလက်ဝကောင်စီ (IKACC-PC) မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံပြီး တော်လှန်ရေး၏ အရွေ့အပြောင်းကို အတူတကွပူးပေါင်း‌ဆောင် ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံနွေးပွဲတွင် IKACC-PC မှ တာဝန်ရှိသူများက အဖွဲ့အစည်း၏ တော်လှန်ရေးအပေါ် ခိုင်ခိုင်မာမာရပ်တည်ချက်များ၊ တော်လှန်ရေးကာလ ၆ နှစ်ကြာအတွင်းတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပြီး IKACC-PC မှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်နှင့် ပတ်သက်၍ လိုအပ်သော အကူအညီများကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပြန်လည်ဆွေးနွေးကြောင်း သိရသည်။

“ဟုတ်တယ်၊ ကျွန်တော်တို့ ၂၁ ရက်နေ့မှာ ဒီကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC)၊ ပြီးတော့ ပလက်ဝကောင်စီ(PC)နဲ့ NUG နဲ့ပေါ့နော် တွေ့ကြပါတယ်။ အဲ့မှာ တက်ရောက်လာတဲ့လူတွေကတော့ ယာယီသမ္မတရယ်၊ ပြီးတော့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်တို့ ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ ဒေါက်တာဇော်ဝေစိုးနဲ့ ဒေါ်ဇင်မာအောင်တို့ တက်ကြပါတယ်။ ပြီးတော့ ဝန်ကြီးချုပ်ရုံးက လူတွေပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း အပြည့်အစုံတက်ကြပါတယ်။ ကျွန်တော်တို့ ဆွေးနွေးတာကတော့ အဓိက ဒီတော်လှန်ရေးရဲ့ အရွေ့အပြောင်းကို ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ချိတ်ဆက်ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ တော်လှန်ရေးကို ပြီးဆုံးအောင်အတူလက်တွဲပြီးတော့မှ ဆောင်ရွက်နိုင်ဖို့ အတွက်ပါပဲ”ဟု IKACC အတွင်းရေးမှူးဆလိုင်းပေါလ်က Chinland Channel ကို‌ ပြောကြားသည်။

တွေ့ဆုံပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရယာယီသမ္မတက အမှာစကားပြောကြားပြီး၊ NUG မှ ဝန်ကြီးများ၊ ချင်းပြည်(Chinland)အစိုးရ ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်နှင့် IKACC-PC မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်း-ဆလိုင်းဇလပ်ထန်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed