October 27, 2026

Chinland Channel တစ်ပါတ်တာ သတင်းစုစည်းမှု

0

Chinland Channel/ ၁၁ ၊ အောက်တိုဘာ၊ ၂၀၂၆

၁။ချင်းလုံမြို့၊ ပြည်သူ့ဆေးရုံကို ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုများ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေးများပြုလုပ်

ချင်းပြည်(Chinland)၊ ချင်းလုံမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် တီအိုချောင်းနှင့် လာဗားချောင်းတို့ အဆမတန်ရေကြီးမှုကြောင့် ချင်းလုံမြို့၊ Victoria ပြည်သူ့ဆေးရုံအပါအဝင် နေရာအများစုသည် ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါရေကြီးမှုကြောင့် ဆေးရုံဝန်းထဲတွင် ဒူးလောက်မြင့်သော ရွံ့မြေများနှင့် အမှိုက်များသောင်တင်နေပြီး ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များ၊ ချင်းပြည်(Chinland)အစိုးရ ဝန်ထမ်းများနှင့် ပြည်သူလူထုများက ဆေးရုံကို စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်းသိရသည်။

ချင်းလုံမြို့၊ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေးရန်အတွက် ဆိုပွမ်းကျေးရွာ၊ ဖာရွမ်းကျေးရွာ၊ တလန်လိုးကျေးရွာနှင့် တလန်ပီးကျေးရွာတို့မှ လူငယ်စုစုပေါင်း ၂၀၀ ခန့် လာရောက်ပြီး လက်ရှိအချိန်အထိ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂။ချင်းလုံမြို့တွင် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအတွက် စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ သင်တန်းပြုလုပ်ပေး
ချင်းပြည်၊ ချင်းလုံမြို့တွင် နေထိုင်ကြသော ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအတွက် စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ပထမအကြိမ်သင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့က ချင်းလုံမြို့၊ စာကြည့်တိုက်(Chinlung Learning Initiative) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ချင်းလုံမြို့၊ စာကြည့်တိုက်မှ ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်ပြီး နော်ဝေးနိုင်ငံမှ Dr Tial Thaနှင့် ဆရာမတချို့တို့က စိတ်ကျန်းမာရေးဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို အွန်လိုင်းမှတဆင့် မျှဝေပို့ချခဲ့ကြောင်းသိရသည်။

၃။ပလက်ဝ–ဇိုရင်ပွီ လမ်းစီမံကိန်း အမြန်ပြီးစီးရေး မီဇိုရမ်အုပ်ချုပ်ရေးမှူး တိုက်တွန်း

ချင်းပြည်၊ ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ် ဇိုရင်ပွီတို့ကို ဆက်သွယ်မယ့် ကီလိုမီတာ ၁၀၉.၂ ရှည်လျားတဲ့ လမ်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပြီးစီးအောင် ဆောင်ရွက်ဖို့ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး (ဒေါက်တာ) ဗီဂျေးကူးမားဆင်းက IRCON International Ltd. ကို တိုက်တွန်းလိုက်ပါတယ်။

ဒီလမ်းစီမံကိန်းဟာ အိန္ဒိယဗဟိုအစိုးရရဲ့ ကလဒန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) အောက်မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

၄။ချင်းအမျိုးသားရေးကို အဓိကထား၍ CDF-Kanpetlet သည် ချင်းပြည်(Chinland) အစိုးရနှင့် ပူးပေါင်းခြင်းဖြစ်ကြောင်း CDF-Kanpetlet ပြော
မြို့နယ်နှင့် နယ်မြေဒေသကို အခြေပြုသော တော်လှန်ရေးအဖွဲ့အစည်းမှ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ရှေးရှု၍ ချင်းပြည်(Chinland) အစိုးရနှင့်ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းများတွင် CDF-Kanpetlet အနေဖြင့် တစိုက်မတ်မတ်ပါဝင်ခဲ့ကြောင်းသိရသည်။

CDF-Kanpetletကို ဖွဲ့စည်းပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ချင်းပြည်(Chinland)အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ယခင်၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ချင်းပြည်(Chinland)အစိုးရ ကာကွယ်ရေးတပ်များနှင့်အတူ ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၅။မလေးရှားမှာ ချင်းလူငယ်တစ်ဦး ကတ်ကြေးဖြင့်အထိုးခံရပြီးသေဆုံး

မလေးရှားရောက်ချင်းလူငယ်တစ်ဦး အောက်တိုဘာ ၆ ရက်ညပိုင်းမှာ ကတ်ကြေးဖြင့်အထိုးခံရပြီး အောက်တိုဘာ ၇ ရက်၊ မနက် ၉ နာရီခွဲ မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်၊ ဟံသာဝတီရွာသား ချင်းလူမျိုး Pu Biak Hlei ဆိုသူက ၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Khuafo ရွာသား Van Lal Chawn အသက် (၂၃) နှစ်ကို ကတ်ကြေးဖြင့်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ Pu Biak Hlei တို့ မိတ်ဆွေအချို့ နဲ့ Van Lal Chawn တို့ အဖွဲ့ သောက်စားပျော်ပါးကြရာကနေ ရန်ပွဲဖြစ်ပြီး နောက် အိမ်ပြန်ကြရာကနေ Pu Biak Hlei က လမ်းတစ်ဝက်ကနေ ထပ်မံစောင့်ကြိုပြီး ကတ်ကြေးဖြင့် ထိုးသွားတာလို့ ဖြစ်စဉ်သိရှိသူ ချင်းအမျိုးသားတစ်ဦးကပြောပါတယ်။

၆။မင်းအောင်လှိုင် မလေးရှားခရီးစဉ်ကို SCEF က ကန့်ကွက်၊ နိုင်ငံတော်အဆင့် တရားဝင်မှု မပေးဖို့ တောင်းဆို

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က မင်းအောင်လှိုင်ရဲ့ အောက်တိုဘာ ၇ ရက်ကနေ ၈ ရက်အထိ မလေးရှားနိုင်ငံ ခရီးစဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို အကြမ်းဖက်နှိမ်နင်းပြီး နိုင်ငံတော်အာဏာကို ဥပဒေနဲ့မညီဘဲ သိမ်းယူခဲ့သူဖြစ်တယ်လို့ SCEF က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့ Five-Point Consensus အပါအဝင် ကတိကဝတ်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံရဲ့ သံတမန်ရေးကြိုးပမ်းမှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်လို့လည်း SCEF က ပြောပါတယ်။

၇။အိန္ဒိယ-မြန်မာနယ်စပ် ယာဉ်မတော်တဆမှုမှာ အသက် ၂၄ နှစ်အရွယ် မင်းတပ်သူ သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ ဇောလင်းကျေးရွာနဲ့ လှုန်မန်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ မင်းတပ်မြို့နယ်၊ ချန်ခင်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ယောခေါ်တီးဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဇောလင်း (Zawlin) ကျေးရွာနဲ့ လှုန်မန်း (Hlungmang) ကျေးရွာကြားမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ MTP လိုင်လင်းပီဌာနခွဲရဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒေါ်ယောခေါ်တီးရဲ့ရုပ်အလောင်းကို MTP လိုင်လင်းပီဌာနခွဲက ဦးဆောင်စီစဉ်ပေးခဲ့ကာ အောက်တိုဘာ ၈ ရက် မနက် ၈ နာရီမှာ လိုင်လင်းပီသုဿာန်၌ သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

၈။ချင်းပြည်တွင် စစ်ဘေးအပြင် သဘာဝဘေးပါ ထပ်မံကြုံတွေ့နေရပြီး လမ်း၊ တံတားအပါအဝင် လယ်ကွင်းများလည်း ပျက်စီး၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများလိုအပ်နေ

ချင်းပြည်(Chinland)တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ချောင်းရေများအဆမတန်ကြီးလာပြီး တံတားများ၊ လမ်းများနှင့် လယ်ကွင်းများလည်း အများအပြားပျက်စီး သွားကြောင်း ချင်းပြည်(Chinland)အစိုးရ၊ လူမှုဖွံ့ဖြိုးရေးဌာနထံမှ သိရသည်။

အဆိုပါရေကြီးမှုကြောင့် ချင်းပြည်(Chinland)၊ ချင်းလုံမြို့အပါအဝင် ထန်တလန်မြို့နယ်နှင့် Senthang ဒေသတို့တွင် ပျက်စီးမှုအများဆုံးကြုံတွေ့နေရပြီး လက်ရှိအချိန်တွင် ပျက်စီးဆုံးရှုံးမှုအချက်အလက်များကို ကောက်ခံစုဆောင်းနေဆဲဖြစ်ကြောင်းသိရသည်။

လက်ရှိ ချင်းပြည်(Chinland)တွင် ပျက်စီးဆုံးရှုံးမှုအပေါ် အခြေခံ၍ အလှူရှင်များ၊ NGO/INGOအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားရှိ ချင်းအသိုင်းအဝန်းများနှင့် အသင်းတော်များထံ အတတ်နိုင်ဆုံးအကူအညီရရှိနိုင်အောင် ကြိုးစားဆောင်ရွက်နေပြီး လူမှုဖွံ့ဖြိုးရေးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဒေသန္တရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ကာ ထူထောင်ရေးကာလကို ဆောင်ရွက်သွားမည်ဟု သိရသည်။

၉။ချင်းအမျိုးသားတက္ကသိုလ်တွင် Diploma Programme ၃ မျိုးဖွင့်လှစ်မည်ဖြစ်ပြီး မိမိစိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်နိုင်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်ထားနိုင်

ချင်းအမျိုးသားတက္ကသိုလ်(Chin National University)က Diploma Programme ၃ မျိုးကို စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး မိမိစိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်ကာ တက်ရောက်နိုင်ကြောင်းသိရသည်။

ချင်းအမျိုးသားတက်က္ကသိုလ်က Diploma in Business Administration( Dip.BA)၊ Diploma in Applied Science(Dip AS)နှင့် Diploma in Applied Philosophy(Dip Ap)တို့ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး Diploma Programmeများအတွက် ဝင်ခွင့်အရည်အချင်းကို Pre-College Programme ပြီးမြောက်ထားသူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ပညာ‌‌‌ရေးကို ဆက်လက်မတက်ရောက်နိုင်ဘဲ ရပ်နားထားသူများ၊ Chinland MoE သို့မဟုတ် NUG MoE မှ အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ်ရရှိသူများ၊ တိုင်းရင်းသားပညာရေး(High School Education) ပြီးမြောက်အောင်မြင်ထားသူများ၊ GED(General Education Development) သို့မဟုတ် IGCSF(International General Certificate of Secondary Education) အောင်မြင်ထားသူများနှင့် အိမ်နီးချင်းနိုင်ငံများတွင် Grade 12 အောင်မြင်ထားသူများတက် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀။ ဇိုတုန်ဒေသအတွင်း ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားနဲ့ အရက်သယ်ဆောင်လာတဲ့ ယာဉ်တွေကို အရေးယူမယ်လို့ CDF-Zotung သတိပေး

ချင်းပြည်၊ ဇိုတုန်ဒေသအတွင်း မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သယ်ဆောင်လာတဲ့ ယာဉ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ဇိုတုန် (CDF-Zotung) က သတိပေးထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဇိုတုန်ဒေသအတွင်း နယ်မြေလုံခြုံရေးနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဇိုတုန်ဒေသန္တရကောင်စီရဲ့ လမ်းညွှန်ချက်အတိုင်း CDF-Zotung က စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇိုတုန်ဒေသအတွင်း ဝင်ထွက်သွားလာနေတဲ့ ယာဉ်တွေအနေနဲ့ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားနဲ့ အရက်သေစာတွေကို သယ်ဆောင်တာ လုံးဝမပြုလုပ်ကြဖို့ ထပ်မံသတိပေးထားပါတယ်။

အခုလို တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ ယာဉ်တွေကို အောက်တိုဘာ ၉ ရက်ကစပြီး ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း CDF-Zotung က ထုတ်ပြန်ထားပါတယ်။

၁၁။CDF-Thantlang မှပြည်သူ့ရဲသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲကျင်းပ

ထန်တလန်မြို့နယ်ကောင်စီ၊ ပြည်ထဲရေးဌာနရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ရဲတပ်ဖွဲ့သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၉ ရက်မှာ ကျင်းပနိုင်ခဲ့ကြောင်း Chinland Defense Force–Thantlang (CDF-Thantlang) က အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းကို ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းစုစည်းသူ – ဆလိုင်းဇလပ်ထန်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed