CDF-KKG က အထွေထွေညီလာခံ ၃ ရက်ကြာကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်၊ တော်လှန်ရေးကာလအတွင်း CDF-KKG တပ်ဖွဲ့ဝင် ၉၂ ဦးကျဆုံး
Chinland Channel/ ၂၉၊ မတ်၊ ၂၀၂၆
Chinland Defense Force – Kalay Kabaw Gangaw ( CDF-KKG ) ၏ ဒုတိယအကြိမ်အထွေထွေညီလာခံကို မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိန်းချုပ်နယ်မြေတနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါညီလာခံတွင် CDF-KKG၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဒုတိယအကြိမ် ညီလာခံသက်တမ်းအတွင်း တာဝန်ထမ်းဆောင်မည့် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ရွေးချယ်တင်မြောက်ခြင်း၊ မဟာဗျူဟာမြောက်မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယမန်နေ့၊ မတ်လ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တော်လှန်ရေးကာလ ၅ နှစ်တာကာလအတွင်းတွင် CDF-KKG ရဲဘော်ရဲမေစုစုပေါင်း ၉၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၂၀၀ ကျော်ပြီဟု သိရသည်။
တော်လှန်ရေးအတွက် အသက်နှင့်ခန္ဓာပေးလှူခဲ့ကြသော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွှတ်အလေးပြုကြောင်းနှင့် ကလေး-ကဘော်-ဂန်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးနှင့် တော်လှန်ရေး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအတွက် စစ်မှုထမ်းတာဝန်၌ ပူးပေါင်းပါဝင်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် အမည်ခံအစိုးရတရပ်ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်တွင်းတို့တွင် တရားဝင်မှုရရှိရေးအတွက် မသမာမှုနည်းလမ်းပေါင်းစုံဖြင့် ကြိုးဖမ်းလျက်ရှိပြီး စစ်အုပ်စု၏ လုပ်ဆောင်မှုမှန်သမျှသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကြောင်း၊ တရားမဝင် စစ်အုပ်စု၏ အာဏာတည်မြဲရေးနှင့် ၎င်းတို့၏ ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
CDF-KKG သည် တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားကြောင်း၊ တော်လှန်ရေးအင်အားစု အချင်းချင်းကြား သဘောထားကွဲလွဲမှုနှင့် သွေးထွက်သံယိုဖြစ်မှုများကို လုံးဝမလိုလားကြောင်း၊ မိမိတို့၏ ဘုံရန်သူကို တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညာစွာ ကြိုးပမ်းဆောင်ရွက်ကြရန် အထူးတိုက်တွန်းကြောင်း၊ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် မည်သည့် တော်လှန်ရေးအဖွဲ့အစည်း နှင့်မဆို လက်တွဲဆောင်ရွက်ကြောင်းနှင့် နောင်တွင်လည်း ဘုံရည်မှန်းချက်တူ မည်သည့် အင်အားစုများနှင့်မဆို ချိတ်ဆက်လက်တွဲရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF-KKG၏ ဒုတိယအကြိမ် အထွေထွေညီလာခံသို့ ဗဟိုကော်မတီဝင်များ၊ တပ်ရင်း ၇ ရင်းမှ ကိုယ်စားလှယ်များ၊ ရပ်ရွာလူထုကိုယ်စားလှယ်များနှင့် လေ့လာသူများစုစုပေါင်း ၁၀၀ ကျော်ပါဝင် တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-CDF-KKG

