မြန်မာစစ်အုပ်စုအား အားပေးကူညီနေမှုများ ရပ်တန့်ရန် တရုတ်အစိုးရကို Justice For Myanmar တောင်းဆို
Chinland Channel / ၁၇ ၊ ဇွန်လ၊ ၂၀၂၆
တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီနေမှုတွေကို ရပ်တန့်ဖို့ ဇွန်လ ၁၇ ရက်နေ့မှာ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာစစ်အုပ်စုကို အဓိက စစ်လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်သလို မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေပြီး ရေနံစိမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကနေတဆင့် စစ်အုပ်စုထံ နိုင်ငံခြားဝင်ငွေတွေ စီးဝင်နေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာဟာ မြန်မာပြည်သူတွေ လက်မခံငြင်းပယ်ထားတဲ့ စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုတစ်ရပ် ပေးအပ်ရာရောက်တယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံပိုင် Aviation Industry Corporation of China (AVIC) က မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ ရောင်းချပေးနေပြီး အဲဒီလေယာဉ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း တရုတ်ကုမ္ပဏီ Sinotruk က ထောက်ပံ့ပေးထားတဲ့ မော်တော်ယာဉ်တွေကို စစ်တပ်က အသုံးပြုပြီး မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်နေတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုဟာ စစ်လက်နက်နဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်အသစ်တွေ ညှိနှိုင်းဖို့ အခွင့်အလမ်းတွေ ရရှိနေပြီး တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်သူတွေရဲ့ အသက်သွေးချွေးတွေကနေ အကျိုးအမြတ်ရယူနေတယ်လို့ JFM က ဆိုထားပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီသူအားလုံးကို တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ JFM ကတောင်းဆိုထားပါတယ်။
သတင်း – Jessie

