ထန်တလန်မြို့တွင် ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
Chinland Channel/ ၂၃၊ ဇွန်၊ ၂၀၂၆
ချင်းပြည်၊ ထန်တလန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Thangtlang၊ ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသည်။
စစ်ကောင်စီက ထန်တလန်မြို့ပေါ်သို့ ပြီးခဲ့သည့် ဇွန်လ ပထမအပတ်က စစ်အင်အားဖြည့်တင်းလာပြီးနောက် စစ်ကောင်စီတပ်က မြို့အလုံးစုံကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
“အခုလ ၁၀ ရက်နေ့ကနေ ဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း သုံးတာ များတယ်။ နှစ်ဖက် အထိအခိုက်ရှိတယ်”ဟု ချင်းအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chinland Channel ကို ပြောကြားသည်။
ထန်တလန်မြို့တွင် ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း Chinland Channel အနေဖြင့် ကျဆုံးထိခိုက်မှုအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ထန်တလန်မြို့ပေါ်ကို ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့က မြို့ကို တဝက်စီထိန်းချုပ်ခဲ့ပြီး ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားသော နေရာဘက်သို့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်းသိရသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ထန်တလန်မြို့

