ဂန့်ဂေါမြို့တွင် စစ်ကောင်စီက ဒေသခံလူငယ် ၁၁ ဦးကို ဖမ်းဆီးထားပြီး မြို့လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေ
Chinland Channel/ ၂၉၊ ဇူလိုင်၊ ၂၀၂၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တွင် အခြေစိုက်ထားသော ခလရ ၅၀ တပ်ရင်းက ဒေသခံလူငယ် ၁၁ ဦးကို ဇူလိုင်လ ၂၇ ရက်နေ့၊ ည ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတပ်ဧရိယာလုံခြုံရေးနှင့် မြို့လုံခြုံရေးများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
ဂန့်ဂေါမြို့ပေါ် အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြို့မရဲစန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့ပေါ်တွင် လုံခြုံရေးကင်းလှည့်နေစဉ် ဒေသခံအမျိုးသမီး ၂ ဦးအပါအဝင် လူငယ်စုစုပေါင်း ၁၁ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ အခုထိ ပြန်မလွတ်လာသေးဘူးလို့ ကြားတယ်။ စစ်ကောင်စီတပ်က မြို့ပေါ်မှာ လူငယ်တွေကို အခုလိုဖမ်းဆီးမှုတွေ ပြုလုပ်လာတော့ ပြည်သူတွေက အရမ်းစိုးရိမ်နေကြတယ်။ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအဓ္ဓမဖမ်းဆီးမှုတွေ လုပ်ဆောင်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဂန့်ဂေါမြို့၊ ဒေသခံတစ်ဦးက Chinland Channel ကို ပြောကြားသည်။
ဂန့်ဂေါမြို့အနီးတဝိုက်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းလှည့်လည်မှုများပြုလုပ်နေသလို မြို့ပေါ်တွင် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး လုံခြုံရေးများကို အကြောင်းပြ၍ မြို့အဝင်/ အထွက်ဂိတ်များတွင် ဒေသခံပြည်သူများကို တင်းကြပ်စွာ စစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများ ယခင်ထက် ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။
သတင်း-ဆလိုင်းဇလပ်ထန်
ဓာတ်ပုံ-ဂန့်ဂေါမြို့။

