July 17, 2026

ထန်တလန်မြို့ပေါ် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ဒရုန်းဗုံးမှာ ဓာတုပစ္စည်း ပါဝင်တယ်လို့ဆို

0

Chinland Channel / ၂ ၊ ဇူလိုင်လ၊ ၂၀၂၆

ချင်းပြည်၊ ထန်တလန်မြို့တွင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အသုံးပြုနေတဲ့ ဒရုန်းဗုံးတွေမှာ ဓာတုပစ္စည်းတစ်မျိုးမျိုး ပါဝင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

ဒရုန်းဗုံးကျရောက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့မှာ အော့အန်တာ၊ မျက်ရည်ကျတာလို လက္ခဏာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဓာတုပစ္စည်းတစ်မျိုးမျိုး အသုံးပြုထားနိုင်တယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။

ဆလိုင်းထက်နီက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ ဆေးဝါးသုံးစွဲတာတွေ ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိ ထန်တလန်မြို့တွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး တစ်ခါတစ်ရံ မြေပြင်တိုက်ပွဲ မရှိတဲ့ ကျေးရွာတွေကိုပါ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဇွန်လလယ်ပိုင်းကတည်းက ပိုမိုပြင်းထန်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရေးနဲ့ မြို့အတွင်းက တပ်စခန်းတွေ လုံခြုံရေးအတွက် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဆလိုင်းထက်နီက သုံးသပ်ပါတယ်။

“သူတို့ရည်ရွယ်ချက်က နယ်မြေစိုးမိုးရေးပေါ့၊ ဒါမှလည်း ထန်တလန်မြို့ရှိသူတို့ တပ်ထိုင်တွေလုံခြုံမှာလေ၊ ဒါကြောင့် ချင်းပြည်ကို စစ်အုပ်ချုပ်ရေး မရုတ်သိမ်းတာပေါ့။” လို့ သူကပြောပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု အနည်းငယ်ရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ဒရုန်းတွေကို အဓိက အသုံးပြုတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြဖို့ ဆလိုင်းထက်နီက တိုက်တွန်းထားပါတယ်။

ထန်တလန်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ဟားခါးမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့် ထိုးစစ်ဆင်လာခဲ့ပြီး လမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၉ ရက်မှာ စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေဟာ ယနေ့အထိ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာဖြစ်ပါ တယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed