July 17, 2026

ဇွန်လအတွင်း ချင်းပြည်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်ပြုလုပ်၊ အရပ်သား ၈ ဦး သေဆုံးဟု ချင်းပြည် (Chinland) အစိုးရပြော

0

Chinland Channel / ၉ ၊ ဇူလိုင်လ၊ ၂၀၂၆

ချင်းပြည် (Chinland) အတွင်းကို စစ်ကောင်စီတပ်က ၂၀၂၆ ခုနှစ် ဇွန်လတစ်လတည်းအတွင်း လေကြောင်းကနေ အကြိမ်ပေါင်း ၁၈၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Chinland အစိုးရရဲ့ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန (Ministry of Social Development) က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပါဝင်ပြီး၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အရပ်သားတစ်ဦးဟာလည်း ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းပြည် (Chinland) အစိုးရကတော့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပြီး၊ အဲဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်တောင်ပိုင်းက မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာသာမက၊ ချင်းပြည်မြောက်ပိုင်းက ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်နဲ့ အခြားဒေသတွေမှာလည်း ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တစ်ဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေကို ကမ္ဘာတစ်ဝန်း စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Armed Conflict Location & Event Data (ACLED) အဖွဲ့ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်အထိ ၁,၉၇၂ ရက်အတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀,၁၁၄ ဦးရှိခဲ့တယ်လို့ ဇူလိုင် ၁ ရက်က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်မှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး၊ အရပ်သားသေဆုံးမှုနဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed