October 27, 2026

ချင်းပြည်ပညာရေးဘုတ်အဖွဲ့ (CDM )များက အသက်မပြည့်သေးသူ စစ်မှုထမ်းခိုင်းတာကို ကန့်ကွက်

0

Chinland Channel / ၂၂ ၊ စက်တင်ဘာ၊ ၂၀၂၆

ချင်းပြည်ပညာရေးဘုတ်အဖွဲ့ (CDM) က လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ပညာရေးနဲ့ လူမှုရေးအခြေအနေတွေအပေါ် ရပ်တည်ချက် ၅ ချက်ကို စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီရပ်တည်ချက်ထဲမှာ ချင်းပြည်နယ်အတွင်း ပညာရေးဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ၊ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးတွေကို လေးစားကာကွယ်ပေးဖို့ တောင်းဆိုထားသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဆက်သွယ်ပူးပေါင်းနေတဲ့ ပညာရေးအဖွဲ့အစည်းနဲ့ ကျောင်းတွေကိုလည်း ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူခွင့်နဲ့ လုံခြုံရေး မထိခိုက်စေဖို့ အလေးထားဆောင်ရွက်ပေးရမယ်လို့ ချင်းပညာရေး CDM တွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ လူငယ်တွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမဆို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ စစ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခိုင်းတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ အသုံးပြုတာတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေထဲ စုဆောင်းအသုံးပြုတာဟာ ကလေးသူငယ်အခွင့်အရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရ ကြီးမားတဲ့ ချိုးဖောက်မှုဖြစ်တယ်လို့ UNICEF က ဖော်ပြထားတဲ့အချက်ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီအပြင် CDM ပညာရေးဝန်ထမ်းတွေရဲ့ လူမှုဘဝနဲ့ စီးပွားရေးအခက်အခဲတွေကို ထည့်သွင်းစဉ်းစားပြီး အခွန်အခနဲ့ သက်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကနေ သင့်လျော်တဲ့ ကင်းလွတ်ခွင့်တွေ ပေးဖို့လည်း တောင်းဆိုထားပါတယ်။

CDM ပညာရေးဝန်ထမ်းတွေရဲ့ သားသမီးတွေဟာ မိဘတွေရဲ့ ရပ်တည်ချက်ကြောင့် အခွင့်အရေးဆုံးရှုံးတာ ဒါမှမဟုတ် အတင်းအဓမ္မ စစ်မှုထမ်းရတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပြီး သက်ဆိုင်ရာ စည်းမျဉ်း၊ မူဝါဒတွေအရ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ဒါမှမဟုတ် သင့်လျော်တဲ့ အကာအကွယ်တွေ ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ချင်းပြည်နယ်ပညာရေး CDM တွေအနေနဲ့တော့ မိမိတို့ရဲ့ မူဝါဒ၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေနဲ့အတူ ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ တတ်နိုင်သမျှ ဆက်လက်ပူးပေါင်းပါဝင်သွားမယ်လို့ ကြေညာထားပါတယ်။

သူတို့ရဲ့ ဆက်လက်ပါဝင်မှုဟာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ပညာရေးစနစ်တစ်ခု ဖော်ဆောင်ရေးကို အခြေခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed