မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ မြန်မာစစ်ဘေးရှောင် မိသားစုဝင်များကို YMA ကမီဇိုရမ်ကနေမောင်းထုတ်
Chinland Channel / ၆ မေ ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့၊ Kanan ရပ်ကွက်အတွင်း နေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင် ၄ ဦး ကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးခံလို့ သူတို့ရဲ့မိသားစုဝင်များနဲ့အတူ Kanan Branch YMA က သူတို့ရပ်ကွက်ကနေ မောင်းထုတ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်သွားကြရန် သတိပေးထားတယ်လို့ ဒေသတွင်း အခြေစိုက်သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။
ကျန်ဖိုင်ခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံသား ၄ ဦးတို့ကို ဆပ်ပြာဗူး ၄ ဗူးမှာထည့်ထားတဲ့ဘိန်းဖြူများနဲ့အတူ ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပေမယ့် မြန်မာနိုင်ငံ၊ ဘယ်ဒေသ က လူတွေဖြစ်ကြောင်းကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပါ။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ဖမ်းဆီးခံခဲ့ရသူများဟာ Siangremthanga ၊ Hrangthanpuia နဲ့ Siangremmawii တို့ဖြစ်ကြပြီး သူတို့သုံးဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် Nokhenthanga ဆိုသူ ကို ထပ်မံဖမ်းဆီးထားတယ်လို့သိရပါတယ်။
သူတို့ လေးဦးစလုံးဟာ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာကြသူများဖြစ်ကြပြီး ကျန်ဖိုင်မြို့၊ Kanan ရပ်ကွက်မှာ အိမ်ဌားနေထိုင်သူများဖြစ်ကြတယ်လို့ သိရပါတယ်။
သူတို့တွေ့ဟာ စစ်ဘေးရှောင်များဖြစ်ကြသည့်တိုင်အောင် အစိုးရနဲ့ YMA မကြိုက်တဲ့ မူးယစ်ဆေးဝါးများရောင်း ပြီးစီးပွားရှာကြတာကြောင့် သူတို့မိသားစုဝင်များအနေဖြင့် မေလ ၇ ရက်နေ့မတိုင်ခင် ရပ်ကွက်ထဲကနေ ထွက်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်ကြရန် Kanan Branch YMA က သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ Siangremthanga ၊ Hrangthanpuia နဲ့ Siangremmawii တို့က အကျဉ်းကျနေပြီး သူတို့ဟာလည်း အကျဉ်းထောင်ကနေ ထွက်ထွက်ချင်း မြန်မာဘက်ကိုပြန်ရမယ်လို့ဆိုပါတယ်။
ယခုလို Kanan Branch YMA က မောင်းထုတ်လိုက်တဲ့ မြန်မာနိုင်ငံသားများကို မီဇိုရမ်ပြည်နယ်အတွင်းရှိ အခြားသော ကျေးရွာ နဲ့ ရပ်ကွက် YMA များက ကိုယ့်ဒေသအတွင်း နေထိုင်ခွင့်မပြုကြရန်လည်း တိုက်တွန်းထား ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – မူးယစ်ဆေးဝါးများနဲ့အတူ အဖမ်းခံတဲ့ မြန်မာနိုင်ငံသား လေးဦးအားတွေ့ရစဉ်
ဓါတ်ပုံ – Zalen News

