ထန်တလန်မြို့နယ်မှာ ကားမှောက်လို့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသေဆုံး
Chinland Channel / ၂၁ နိုဝင်ဘာလ ၂၀၂၅
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ ဗန်ဇန်ကျေးရွာအနီးမှာ မနေ့ည နိုဝင်ဘာ ၂၀ ရက် ညအစောပိုင်းမှာ ခရီးသည် တင်ကားတစ်စီးတိမ်းမှောက်လို့ အသက် ၃၅ နှစ်ဝန်းကျင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကားဟာ ထန်တလန်မြို့နယ်၊ Sopum ကျေးရွာဘက်ကနေ ဗန်ဇန်ကျေးရွာဘက်ကိုဦးတည်မောင်းနှင်လာ တဲ့ ကားဖြစ်ပြီး ဗန်ဇန်ကျေးရွာအဝင်ရောက်ခါနီးလေးမှာ လမ်းအောက်ဘက်ကို ထိုးကျသွားတာလို့သိရပါတယ်။
ယင်းကားပေါ်မှာ လိုက်ပါလာသူ အယောက် ၄၀ ဝန်းကျင်ရှိတယ်လို့သိရပြီး သူတို့အနက် ၁၀ လ ဝန်းကျင် ကလေးငယ်တစ်ဦးရဲ့ မိခင် သေဆုံးပြီး ကျန်တဲ့လူတွေအားလုံးနီးပါးဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံ ဆေးခန်းများကို ပို့ဆောင်ထားပြီး ဒဏ်ရာရသူများအနက် အယောက် ၂၀ ခန့်ဟာ ဒဏ်ရာပြင်းထန်ကြတယ်လို့သိရပါတယ်။
ဗန်ဇန်ကျေးရွာ ဒေသခံများနဲ့ အနီးအနားက Sopum ကျေးရွာ နဲ့ Farrawn ကျေးရွာကဒေသခံများဟာ ကား မတော်တဆဖြစ်တဲ့နေရာကိုသွားရောက်ခဲ့ကြပြီးလိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းများဝိုင်းဝန်းလုပ်ဆောင်ပေး ခဲ့ကြတယ်လို့လည်းသိရပါတယ်။
သတင်း – Jessie
ပုံအညွှန်း – မတော်တဆဖြစ်သွားတဲ့ကားအားတွေ့ရစဉ်
ဓါတ်ပုံ – လူမှုကွန်ယက်

