ကျောင်းဆရာ/မများကိုခြိမ်းခြောက်နှောက်ယှက်ခြင်းပြုမှာမဟုတ်သလို နှောက်ယှက်သူများကိုအရေးယူမယ်လို့ CDF-Asho ထုတ်ပြန်
Chinland Channel / ၁၉ မေ ၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသများရှိ အခြေခံပညာကျောင်းများမှာ တာဝန်ထမ်းဆောင် နေတဲ့ ကျောင်းဆရာ/မများကို ခြိမ်းခြောက်၊နှောက်ယှက်၊ဖမ်းဆီးခြင်းနဲ့ ပညာရေးမှာဝင်ရောက်စွက်ဖက်ခြင်းကို ချင်းကာကွယ်ရေးတပ်-အရှို ( CDF-Asho) က လုပ်မှာမဟုတ်သလိုအဲလိုလုပ်တဲ့သူများကိုအရေးယူသွားမယ်လို့ CDF-Asho က ဒီကနေ့မေလ ၁၉ ရက်နေ့မှာသတင်းထုတ်ပြန်ထားတယ်။
ယခုအချိန်ဟာ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းနေရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်လျက်ရှိတာကြောင့် CDF-Asho ရဲ့စစ်ရေးလှုပ်ရှား နယ်မြေနဲ့ထိစပ်တဲ့ နေရာတွေမှာ အထက်ပါဖြစ်စဉ်မျိုးမလုပ်ကြဖို့တားမြစ်ထားခြင်းဖြစ်ပါတယ်။
အခြေခံပညာအဆင့် ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေရွယ်ကလေးသူငယ်များအား စေတနာ၊ ဝါသနာ နဲ့ အနစ်နာ စတဲ့အချက် ၃ ချက်ကိုခံယူအလေားထားလျက် လွတ်လပ်စွာပညာသင်ကြားပေးရန်တိုက်တွန်း မေတ္တာ ရပ်ခံထားပါတယ်။
ဒါ့အပြင် CDF-Asho ဟာ စစ်ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာအဓိကဦးတည်တိုက်ခိုက်ပြီး ချင်းလူမျိုးနဲ့ ပြည်သူများအပေါ် သစ္စာစောင့်သိခြင်း၊ဂုဏ်သိက္ခာရှိခြင်း၊ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်း စတဲ့အချက်တွေအပေါ်မှာ အခြေခံလျက် စစ်သည်တော်ကျင့်ဝတ်များနဲ့အတူ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာ တယ်လို့အသိပေးထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – CDF-Asho နဲ့ သူတို့ရဲ့ထုတ်ပြန်ချက်
ဓါတ်ပုံ – CDF-Asho


