March 16, 2026

BNRA တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့တဲ့ ပြစ်မှုများအတွက် မလွဲမရှောင်သာ စစ်အင်အားသုံးခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်များတော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်အောင်စီစဉ်ပေးမယ်လို့ NUG ၊ MoD ထုတ်ပြန်

0

Chinland Channel/ ၁၉ ၊ ဖေဖော်ဝါရီ၊ ၂၀၂၆

မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စစ်တပ်ထံပူးပေါင်းအလင်းဝင်ခဲ့တဲ့ ဗိုလ်နဂါး နဲ့ သူဦးဆောင်တဲ့ BNRA အဖွဲ့ များက ကျူးလွန်ခဲ့တဲ့ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု တို့အပါအဝင် ပြစ်မှုများအားလုံးအတွက် သက်သက်သာသာ လုပ်ဆောင်ဖို့မဖြစ်နိုင်တော့လို့ စစ်အင်အားအသုံးပြုခဲ့တာဖြစ်ပြီး ပြစ်မှု ကျူးလွန် ခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်များတော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်အောင်စီစဉ်ပေးမယ်လို့  NUG, ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လာပါတယ်။

ဗိုလ်နဂါးအပါအဝင် သူဦးဆောင်ခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်များဟာစစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ ဆက်စပ်နေရာများရှိပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှု စတဲ့ ရာဇဝတ်မှုများကိုကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရားမဝင် အခွန်ဂိတ်များ ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နဲ့အတူ အများပြည်သူ သုံးလမ်းများတွင် လူအင်အား (၅၀-၁၀၀) ဝန်းကျင်ဖြင့် အထိုင်စခန်း ချခြင်း၊ မိုင်းများထောင်ခြင်း၊ အများပြည်သူ သွားလာမှုကိုအနှောင့် အယှက်ပြုခြင်း၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးအရ လှုပ်ရှားသွားလာမှုကို ကန့်သတ်နှောင့်ယှက်ရန်ကြိုးပမ်းခြင်းများလည်းလုပ်ဆောင်ခဲ့ကြတယ် လို့ဆိုပါတယ်။

အလားတူ NUG ၊ MoD ရဲ့ ဂိတ်စခန်းများကို စီးနင်းခြင်း၊ တပ်ဖွဲ့ဝင်များ နဲ့တာဝန်ရှိသူများကိုပင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခြင်း၊ ၎င်းတို့ရဲ့ပြစ်မှုများနဲ့ ပတ်သက်ပြီး အတွင်းကျကျ သိရှိနိုင်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းများလည်းလုပ်ဆောင်ခဲ့ကြကာ ရန်သူအကြမ်းဖက်စစ်တပ်နဲ့ ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်းစတဲ့ လုပ်ရပ်များလည်းလုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယင်းအခြေအနေများကြောင့် BNRA အဖွဲ့မှ ပြစ်မှုရှိသူများကို အရေးယူ ဆောင်ရွက်ရာတွင် သာမန် တရားဥပဒေ စိုးမိုးရေးယန္တရား သက်သက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့တဲ့အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်နဲ့တော်လှန်ရေးရဲ့ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းရန် စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ငန်းများ ဆောင်ရွက်စဉ် ပြည်သူလူထုအား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းအတွက်များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ BNRA အဖွဲ့ မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်များကို ၎င်းတို့ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင်ဖြစ်စေ ပူးပါင်းပါဝင်ပြီးတော်လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန် စီစဉ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – Jessie

ပုံအညွှန်း – BNRA တပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – BNRA

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed