January 15, 2026

၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ဇန်နဝါရီလအတွင်း CDF-KKG ရဲဘော် (၁၂) ဦး အထိ ကျဆုံး

0

Chinland Channel ၊ ၁၅ ဇန်နဝါရီလ ၂၀၂၆

၂၀၂၅ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သော တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများတွင် CDF-KKG တပ်ဖွဲ့မှ ရဲဘော် (၁၂) ဦးအထိ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ထားချက်အရ ၂၀၂၅ အတွင်း ဖြစ်ပွားခဲ့သော ကလေးတောင်ပိုင်း မှန်တော၊ အောင်သာယာ တိုက်ပွဲများ၊ ဂန့်ဂေါမြောက်ပိုင်း အနောက်တောလေးရွာတိုက်ပွဲနှင့် ကလေးမြောက်ပိုင်း လက်ပံချောင်းတိုက်ပွဲတို့တွင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျဆုံးရဲဘော်များနှင့် ပါတ်သက်ပြီး CDF-KKG ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာတွင် –

“​၂၀၂၅ ခုနှစ်အတွင်းမှာက ကျနော်တို့ CDF-KKG အနေနဲ့ တစ်နှစ်လုံး စစ်တိုက်ခဲ့သလို၊ တိုက်ပွဲကျ ရဲဘော်များစွာလည်း ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတွေ များပြားခဲ့သလို ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ အခု ကျဆုံးရဲဘော်တွေက ကလေး တောင်ပိုင်း ဒေသတွေအတွင်းမှာ ဖော်ဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ အဓိကစစ်ဆင်ရေးတွေ ၊ ချင်းပြည် (Chinland) ကောင်စီအနေနဲ့ ဖော်ဆောင်တဲ့ စစ်ရေး၊ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခဲ့တဲ့ ကလေးမြောက်ပိုင်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ တပ်ရင်း ၅ က ရဲဘော်ဆိုရင်တော့ Yaw Land Operation အနေနဲ့ ဖော်ဆောင်တဲ့ စစ်ဆင်ရေးမှာ ကျနော်တို့ တပ်ရင်း နှစ်ရင်းလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးမှာပဲ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ တပ်ရင်း (၇)​ ရဲမေကတော့ ရှေ့တန်းတာဝန်တွေမှာ ပါဝင်လုပ််ဆောင်ရင်းကနေ ကျန်းမာရေး အခန့်မသင့် ဖြစ်ရာက ရုတ်တရက် တိမ်းပါးခဲ့တာပါ။ “ – ဟု Chinland Channel ကို ပြန်လည်ဖြေကြားသည်။

CDF-KKG အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် Major Operation ကို မဟာမိတ်တပ်များ ပူးပေါင်းမှုဖြင့် ကလေးတောင်ပိုင်းဒေသတွင် ဖော်ဆောင်ခဲ့ပြီး စခန်း (၅) ခုအထိ သိမ်းပိုက်နိုင်ခဲ့သည်။ အကြမ်းဖက်စစ်ကော်မရှင်တပ်မှ သာလွန်အင်အားဖြင့် ပြန်လည် ထိုးစစ်ဆင်မှုများ ပြုလုပ်လာခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ကြံသာ၊ အောင်သာယာ (အရှေ့၊ အနောက်) တို့ကို ပြန်လည် လက်လွှတ်ခဲ့ရကြောင်း သိရှိရသည်။

ပုံ – CDF KKG ရဲဘော်တချို့ကို တွေ့ရစဉ် (ပုံဟောင်းဖြစ်သည် )

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed