မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
Chinland Channel / ၁၈ ဩဂုတ် ၂၀၂၅
ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်ကောင်စီက မနေ့ဩဂုတ်လ ၁၇ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူ ၃၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ ( IEC) က ဒီကနေ့ ဩဂုတ် ၁၈ ရက်နေ့မှာသတင်းထုတ်ပြန် ထားပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအပြင် တိုက်ခိုက်ခံရတဲ့နေရာမှာနေထိုင်သူတစ်ချို့ ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူများ ရဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆိုပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင်အာဏာသိမ်း စစ်တပ်ရဲ့ကြီးလေးတဲ့စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာအရေးယူဖို့ တိုက်တွန်းထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ပြည်သူများရဲ့ရုပ်အလောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာ
ဓါတ်ပုံ – လူမှုကွန်ယက်



